အခွန်ရုံး

November 16, 2021

ရွှေဘိုမြို့က အခွန်ရုံးနှင့် မြဝတီဘဏ် ဗုံးခွဲတိုက်ခိုက်ခံရ ရဲ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ အကောက်ခွန်ရုံးနဲ့ မြဝတီဘဏ်တို့ကို နိုဝင်ဘာ ၁၆ ရက်  ဒီကနေ့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ လုံခြုံရေး ရဲ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“မနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီကို ဝင်ငွေရှာပေးနေတဲ့ ရွှေဘိုမြို့အခွန်ရုံးကို ဗုံးခွဲခဲ့ပြီး‌ တဆက်တည်း နေ့လယ်လောက်မှာ  စစ်အုပ်စုပိုင် မြဝတီဘဏ်ကို လုံခြုံရေးယူနေတဲ့ သဲအိတ်ဘန်ကာထဲကို ဩဇာသီးတစ်လုံးပစ်ပေးခဲ့တယ်” လို့  PDF Shwebo ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် မြဝတီဘဏ် ဘန်ကာထဲက လုံခြုံရေး ရဲ ဝန်ထမ်း နှစ်ယောက် သေဆုံးတယ်လို့ မြို့ခံတွေ အတည်ပြုပြောပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရုံးတွေနဲ့နီးတဲ့ နေရာတွေသွားလာတာ မပြုလုပ်ကြဖို့ ရွှေဘိုမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

ရွှေဘိုမြို့ မြဝတီဘဏ်မှာ ဇူလိုင် ၂၃ ရက်နေ့ကလည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး  ရဲနှစ်ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

(ဓာတ်ပုံ- ဘဏ်လုံခြုံရေး ယခင်ပုံအဟောင်း။ )

2 months Ago

September 5, 2020

ရန်ကုန်မြို့ အခွန်ရုံးက အဆောင်နေဝန်ထမ်း ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ရန်ကုန်မြို့ အခွန်ရုံးက အဆောင်နေဝန်ထမ်းတယောက်မှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ခဲ့ရတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ကျောက်တံတားမြို့နယ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာရုံးက ဝန်ထမ်းအမျိုးသမီးဖြစ်ပြီး ပြည်ပနဲ့ ရခိုင်ပြည်နယ်ကို ခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာလည်း မရှိဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ သူဟာ လူနာအမှတ် ၁၁၃၁ ဖြစ်ပြီး နေမကောင်းလို့ ဆေးရုံသွားပြရာကနေ ဆေးစစ်ခံခဲ့ရတာပါ။ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “သူက နေမကောင်းလို့ ဆေးရုံသွားပြတယ်။ အဲဒါမှာ စစ်တော့ ပေါ့စတစ်တွေ့တာ။ တိုင်းကျန်းမာရေးကို သတင်းပို့တော့ လိုအပ်တာတွေ လာလုပ်ပေးပါတယ်။ ကျနော်တို့မှာ ဒီအတွက် ရှေ့မှာ အတွေ့အကြုံရှိခဲ့ပြီးပါပြီ” လို့ ပြောပါတယ်။ ဒီမတိုင်ခင်က အောင်ဘာလေသိန်းဆုဌာနခွဲက ဝန်ထမ်းတယောက်မှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ရလို့ ပတ်သက်တဲ့ ဝန်ထမ်းတွေကို အသွားအလာကန့်သတ်စစ်ဆေးတာတွေ လုပ်ခဲ့ရပါသေးတယ်။ အခုလူနာဟာ ရုံးအပေါ်ထပ်အဆောင်မှာနေသူဖြစ်ပြီး အဲဒီအဆောင်မှာနေသူတွေကို ကျန်းမာရေးဌာနက အသွားအလာကန့်သတ်တာတွေ လုပ်ထားတယ်လို့လည်း ဦးမင်းထွဋ်က ပြောပါတယ်။ ကျန်းမာရေးဌာန ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မှာဖြစ်သလို အခွန်ရုံးကိုတော့ ပုံမှန်အတိုင်းပဲ ဆက်ဖွင့်သွားမယ်လို့လည်း ပြောပါတယ်။
1 year Ago
Up