အခြေခံစားသောက်ကုန်ပစ္စည်း

September 24, 2020

ရန်ကုန်တွင် စားသောက်ကုန်ဖြန့်မည့်အစီအစဉ်  ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်ဟု ဦးဇော်ဌေးပြော 

ရန်ကုန်မှာ ရာရှင်စနစ်နဲ့ အခြေခံစားသောက်ကုန်ဖြန့်ဝေမယ့်အစီအစဉ်ဟာ လိုအပ်လာရင်  ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။ ကိုကိုးကျွန်းကလွဲပြီး ကျန်တဲ့မြို့နယ်တွေမှာ  Stay at Home အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွက် စားသောက်ကုန်တွေကို ရာရှင်စနစ်နဲ့ ဖြန့်ဖြူးပေးဖို့အတွက် စီစဉ်နေတယ်လို့ စီးပွား/ကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ တာဝန်ရှိသူတွေ မနေ့က ဆွေးနွေးခဲ့ကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ရာရှင်စနစ်နဲ့ အခြေခံစားသောက်ကုန်တွေ ဖြန့်ဖြူးရေးအစီအစဉ်မှာ  လိုအပ်လာရင် (လိုအပ်လာမှသာ)ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ရောဂါပျံ့နှံ့မှုကွင်းဆက်ကို ဖြတ်တောက်ထိန်းချုပ်နိုင်ဖို့အတွက် အဆုံးစွန်ဆောင်ရွက်ရမယ့် အနေအထားကို ရောက်ရှိလာရင် အချိန်ကပ်ပြီး လုပ်ရတာမျိုး အများပြည်သူ ကသီလင်တ ဖြစ်မှာ စိုးတဲ့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းသာဖြစ်ပါတယ် ” လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ညအထိ  ကိုဗစ်-၁၉  အတည်ပြုလူနာပေါင်း ၈,၃၄၄  ဦးနဲ့ သေဆုံးသူ အယောက် ၁၅၀ ရှိရာမှာ အများစုက ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပါတယ်။  ရန်ကုန်မှာ ရောဂါပိုးတွေ့ရှိမှု များပြားလာတာကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာ ကိုကိုးကျွန်းကလွဲပြီး ကျန်ဒေသ တွေကို Stay at Home နေဖို့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။ ကိုဗစ်-၁၉ ပထမလှိုင်းကာလတုန်းကတော့ မြန်မာနိုင်ငံတဝန်းက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် အစိုးရက အခြေခံစားသောက်ကုန်ပစ္စည်းတွေ ထောက်ပံ့ကူညီခဲ့ဖူးပါတယ်။ သတင်း- ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
8 months Ago
Up