အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ သီတင်းနှစ်ပတ်တောင် မလိုတော့ချိန် အောက်တိုဘာ ၂၁ ရက်မှာ သမ္မတဟောင်း အိုဘားမားက လက်ရှိ သမ္မတ ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်ကိုယ်စား ဖီလာဒဲဖီးယားမြို့ မဲဆွယ်ပွဲမှာ အိုဘားမားက “ထရမ့်ဟာ အလုပ်လုပ်ဖို့ စိတ်မဝင်စားဘူး။ သူ့ကိုယ်သူကလွဲပြီး တခြားသူကို ကူညီဖို့ စိတ်မဝင်စားဘူး”လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ သက်တမ်း နှစ်ဆက် တာဝန်ထမ်းခဲ့ပြီး ဒီမိုကရက်တစ်ပါတီရဲ့ လူကြိုက် အများဆုံး ပုဂ္ဂိုလ်တဦးအဖြစ် ဆက်ရှိနေတဲ့ အိုဘားမားက သမ္မတ ထရမ့်ရဲ့ ကပ်ရောဂါ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ဝေဖန်တိုက်ခိုက်ခဲ့တာပါ။
အောက်တိုဘာ ၂၂ ရက်ကျရင် သမ္မတ ထရမ့်နဲ့ နက်ရှ်ဗေးလ်မြို့မှာ စကားစစ်ထိုးပွဲ ရှိတာမို့ ဒီမိုကရက် သမ္မတလောင်း ဘိုင်ဒင်ဟာ အိမ်မှာ စကားစစ်ထိုးပွဲအတွက် ပြင်ဆင်နေပါတယ်။
ဒီအတွက် အိုဘားမားဟာ ဘိုင်ဒင်ကိုယ်စား မဲဆွယ်ပေးနေတာပါ။
ဇာတိမြေဖြစ်တဲ့ ပင်ဆာဗေးနီးယားပြည်နယ်မှာ အောင်နိုင်ရမယ်လို့ ဘိုင်ဒင်ဟာ ယုံကြည်ထားပြီး မဲဆွယ်ပွဲကာလအတွင်း ဘိုင်ဒင်ဟာ ဇာတိပြည်နယ်ကို တခြားပြည်နယ်တွေထက် ပိုမို လာရောက်ခဲ့ပါတယ်။
အောက်တိုဘာ ၁၉ ရက်က လုပ်တဲ့ ရိုက်တာလူထု စစ်တမ်းအရ ထရမ့်ဟာ ပင်ဆာဗေးနီးယားမှာ ထောက်ခံမှု တိုးလာနေပါတယ်။
စစ်တမ်းအရ ဘိုင်ဒန်ဟာ လူထုထောက်ခံနှုန်း ၄၉ရာခိုင်နှုန်း နဲ့ ထရမ့်က ၄၅ ရာခိုင်နှုန်း ရထားပြီး နှစ်ဦးသား ကွာခြားချက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကထက် ကျဉ်းမြောင်းလာတယ်လို့ ရိုက်တာက သုံးသပ်ထားပါတယ်။
2 years Ago