အခွန်ပြောင်းလဲကောက်ခံခြင်းဟာ

December 17, 2017

အခွန်ပြောင်းလဲကောက်ခံခြင်းဟာ လူလတ်တန်းစားများ ပိုအကျိုးရှိနိုင်ဟု ထရမ့်ပြော

အခွန်ကောက်ခံမှု အစီအစဉ်ဟာ အလယ်အလတ် ၀င်ငွေရှိသူတွေကိုပေးတဲ့ ခရစ္စမတ် လက်ဆောင်မွန်တခုပါဆိုပြီး သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့က  သမ္မတဒေါ်နယ်ထရမ့်ဟာ ဒေးဗစ်စခန်းကို မသွားရောက်ခင် သတင်းထောက်တွေကို အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ “ဒီအခွန်ကောက်ခံမှု အစီအစဉ်ဟာ လူလတ်တန်းစား အများစုကို အကျိုးဖြစ်ထွန်းစေ မှာဖြစ်ပါတယ်။ ဒီနိုင်ငံထဲကို ကုမ္ပဏီတွေ ၀င်လာကြမယ်။ အလုပ်အကိုင်တွေ ကောင်းလာမယ်။ အလယ်အလတ်ဝင်ငွေရှိသူတွေအတွက် အလုပ်အကိုင် ကောင်းလာမယ်။ ဒီအခွန်ကောက်ခံမှု ပြုပြင်ပြောင်းလဲရေးကို ကြည့်မယ်ဆိုရင် အားလုံး အကျိုးခံစားရမှာပါ။ အကြီးမားဆုံး အကျိုးခံစား ရမယ့်သူတွေကတော့ ၀င်ငွေအလယ်အလတ်ရှိသူတွေ ဖြစ်မယ်လို့ ထင်ပါတယ်။” အခွန်ကောက်ခံမှု စနစ်အပြောင်းအလဲကြောင့် အမေရိကန် ဒေါ်လာ ၄ ထရီလျံလောက် ပြန်ဝင်လာလိမ့်မယ်လို့လည်း  သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။ “အမေရိကန် နိုင်ငံထဲကို ငွေတွေ စီးဝင်လာမှာပါ။ ကျနော့် စိတ်ထင် ၄ ထရီလျံလောက် ပြန်ဝင်လာ လိမ့်မယ်။ အဲဒီငွေတွေဟာ နိုင်ငံရပ်ခြားမှာ နှစ်နဲ့ချီပြီး ကြန့်ကြာနေတဲ့ ငွေတွေပါ။ ၂ထရီလျံခွဲ၊ ၃ထရီလျံခွဲ၊ ၄ထရီလျံ ကျော်လောက်ရှိပါလိမ့်မယ်။ ဒီမိုကရက်တွေကတော့ ဒီဥပဒေကြမ်း အကြောင်း နားမလည်ဘဲ လူချမ်းသာတွေအတွက် လုပ်ပေးတယ်ဆိုပြီး ပြောနေကြတယ်။ တကယ်တမ်းက ဒီအခွန်ကောက်ခံမှု အစီအစဉ်ဟာ  အလယ်အလတ် ၀င်ငွေရှိသူတွေကိုပေးတဲ့ ခရစ်စမတ်လက်ဆောင်မွန်ကောင်း တစ်ခုဖြစ်မှာပါ” လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အခွန်ကောက်ခံမှု ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ်လို့ သိရပါတယ်။ လွှတ်တော်အမတ် ကီဗင်ဘရဒ်ဒီကတော့ အမေရိကန် လက်ရှိအာဏာရပါတီ ရီပတ်ဗလစ်ကင်ရဲ့ အခွန်စီမံကိန်းဟာ လူတိုင်းရဲ့ ဘဝကိုပိုကောင်းအောင် လုပ်ပေးလိမ့်မယ်လို့ အရေးပါတဲ့ သတင်းထောက်တွေကို သောကြာနေ့မှာ ပြောလိုက်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ ချမ်းသာသူတွေနဲ့ ဒုတိယတန်းစား အမေရိကန်တွေအတွက် အခွန်လျှော့ချဖြတ်တောက်ဖို့ အဆိုဟာ အောက်လွှတ်တော်မှာ ဥပဒေပြုမှု နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်တည်းက ခုထိ အမေရိကန်မှာ အကြီးဆုံးအခွန်ဆိုင်ရာ အလုံးစုံ ပြုပြင်ပြောင်းလဲမှုကို အတည်ပြုဖို့ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို အတိုက်အခံ ဒီမိုကရက်ပါတီဝင်တွေကတော့ တညီတညွတ်တည်း ဆန့်ကျင်ခဲ့တာပါ။ လွှတ်တော်ထဲမှာ ရီပတ်ဗလစ်ကင်ပါတီက ၅၂-၄၈ နဲ့ မဲက သီသီလေး လွှမ်းမိုးထားတာကြောင့် သူ့ပါတီတွင်းက ကန့်ကွက်မဲ  ၂ မဲ သာ ဆုံးရှုံးခွင့် ပြုနိုင်တဲ့ အခြေအနေ မှာ ရှိနေပါတယ်။ ဒီဥပဒေမူကြမ်းဟာ ကော်ပိုရိတ် ဝင်ငွေခွန်ကို ၃၅ ရာခိုင်နှုန်းကနေ ၂၁ ရာခိုင်နှုန်း အထိ လျှော့ချ ဖြတ်တောက်မှာ ဖြစ်ပါတယ်။
4 years Ago
Up