အချိန်များစွာစောင့်

October 29, 2020

ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ရရန် အချိန်များစွာစောင့်ခဲ့ရဟု ရက်ရှ်ဖို့ဒ် ပြော

ကစားသမားဘ၀ ပထမဆုံး ဟက်ထရစ်သုံးဂိုး သွင်းယူနိုင်ဖို့ အချိန်တွေအကြာကြီး စောင့်ခဲ့ရတယ်လို့  မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကပြောပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီကနေ့မနက်ပိုင်းက လိုက်ဇစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားပြီး ဟက်ထရစ်သုံးဂိုး သွင်းယူနိုင်ခဲ့တာပါ။  ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာ ပွဲချိန် ၂၇ မိနစ်အတွင်းမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် ရက်ရှ်ဖို့ဒ်က မှတ်တမ်းဝင်ခဲ့ပါတယ်။  ကစားသမားဘဝရဲ့ ပထမဆုံး ဟက်ထရစ်ရဖို့အတွက် အချိန်အကြာကြီး စောင့်ခဲ့ရပြီး ထိန်းချုပ်လို့မရလောက်အောင် ပျော်ရွှင်ကျေနပ်မိကြောင်းနဲ့ ပရိသတ်တွေ အားလုံးလည်း ပျော်ရွှင် ကျေနပ်မယ်လို့ မျှော်လင့်ကြောင်း ရက်ရှ်ဖို့ဒ်က တွစ်တာကနေတဆင့် ပြောခဲ့တာပါ။  လူစားဝင်ကစားတဲ့အချိန်မှာ တိုက်စစ်မြှင့်တင်ကစားဖို့ နည်းပြဆိုးလ်ရှားက မှာကြားခဲ့ပြီး လိုက်ဇစ်ခံစစ်မှာ နေရာလွတ်တွေ ရှိခဲ့တာကြောင့် ဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ကြောင်းလည်း ရက်ရှ် ဖို့ဒ်က ပွဲအပြီးမှာပြောပါတယ်။  ၁၉၉၉ ခုနှစ်က နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဆိုးလ်ရှားက လူစားဝင်ကစားပြီး ဟတ်ထရစ် သွင်းယူခဲ့ပြီးနောက်ပိုင်း ရက်ရှ်ဖို့ဒ်ကလည်း လူစားဝင်ပြီး ဟတ်ထရစ်သွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက် မန်ယူကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
2 years Ago
Up