အချိန်မဟုတ် မိုးရွာနိုင်

January 2, 2021

လာနီညာကြောင့် အအေးပိုပြီး အချိန်မဟုတ် မိုးရွာနိုင်

လာနီညာ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာ အအေးပိုလာတာ၊ အချိန်မဟုတ် မိုးရွာတာတွေ ဖြစ်နိုင်ပြီး ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းတို့မှာ အအေးပိုမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အီကွေတာနားက အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေအရ လက်ရှိမှာ အားအသင့်အတင့်ရှိတဲ့ လာနီညာအခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ ခန့်မှန်းချက်အရ ဇန်နဝါရီလထဲမှာ အားအသင့်အတင့်ရှိတဲ့ လာနီညာအဆင့်မှာ ဆက်ရှိနေမှာ ဖြစ်ပြီး ဖေဖော်ဝါရီလမှာတော့ အားနည်းတဲ့ လာနီညာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လာနီညာဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ ဖြစ်စဉ်ဖြစ်ပေမယ့် ဒီအကျိုးသက်ရောက်မှုကတော့ ယေဘုယျအားဖြင့် အရှေ့မြောက် မုတ်သုံလေ အားကောင်းတာကြောင့် မြန်မာနိုင်ငံမှာ ညအပူချိန်တွေ လျော့နည်းတာ၊ အအေးပိုတာ၊ အရှေ့ဘက်က လေပွေလှိုင်းတွေတိုက်ခတ်တာ၊ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ ပိုဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီနေ့နဲ့ နောက်ရက် တို့မှာလည်း ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ အအေးပိုလာနိုင်တယ်လို့ ဆိုပါတယ်။
10 months Ago
Up