အချုပ်သား

October 29, 2018

ဘိုကလေးမြို့မရဲစခန်းတွင် သေနတ်ကျည်မှန်၍ အချုပ်သား ၁ ဦး သေဆုံး

ဧရာဝတီတိုင်း ဘိုကလေးမြို့မရဲစခန်းရဲ့ အချုပ်ခန်းအတွင်းမှာ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီက ကင်းကျရဲတပ်သားတဦးရဲ့ သေနတ်ကျည်ထိမှန်ပြီး အချုပ်သားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဘိုကလေးမြို့မရဲစခန်းမှာ အချုပ်ကျနေတဲ့ အချုပ်သားထက်ရှားနဲ့ ဇော်မင်းတို့ မုဒိမ်းမှုပြစ်ဒဏ်နဲ့ ပတ်သက်ပြီးစကားများနေချိန်မှာ အချုပ်ကင်းကျ ရဲတပ်သားအောင်သူ အချုပ်ခန်းဘေး ကြည့်ရှုနေတယ်လို့  ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီအချိန်မှာ အချုပ်ခန်းအတွင်း ရေချိုးပြီး ထွက်လာတဲ့ အချုပ်သား ထွန်းမင်း (ခ) ကလေးငယ်ကို ရဲတပ်သား အောင်သူက သေနတ်နဲ့ချိန်ပြီး “မင်းတို့ ရုတ်ရုတ်မလုပ်နဲ့ ငါစမ်းသပ်ရမလား” လို့ ပြောဆိုစဉ်မှာ သေနတ်မောင်းခလုတ်နှိပ်မိခဲ့တာကြောင့် ကျည်ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက “တပ်ဖွဲ့ဝင်တယောက်က ကျည်မတော်တဆ ထွက်သွားပြီး အချုပ်သားတယောက်သေတယ်။ လူသေတော့ ရဲတပ်သားလေးကို ပေါ့ပေါ့လျော့လျော့ လက်နက်ကိုင်တွယ်တယ်ဆိုပြီး အမှုဖွင့်ထားတယ်။ ဒါနဲ့ပတ်သက်ပြီး ရဲစည်းကမ်းထိန်းရေး ဥပဒေအရနဲ့လည်း စစ်ဆေးအရေးယူဖို့ လုပ်ထားတယ်။” သေနတ်ကျည်ထိမှန် သေဆုံးခဲ့တဲ့ ၁၉ နှစ်အရွယ်ရှိ အချုပ်သား ထွန်းမင်း (ခ) ကလေးငယ် မှာ မတ်လအတွင်းက ဘိုကလေးမြို့ကန်ဘောင်ပေါ် ဓားနဲ့လုယက်ခဲ့မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ နဲ့ စစ်ဆေးခံနေရသူဖြစ်ပြီး သေနတ်ကျည်က ပါးစပ်ကို ဖောက်ဝင် သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။ ဖြစ်စဉ်အတွက် ရဲတပ်သားအောင်သူကို ဘိုကလေးမြို့မရဲစခန်းက (ပ)၄၁၅/၂၀၁၈ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က အပြင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ပါ ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မြမင်းဦး(ပုသိမ်)
4 years Ago

September 20, 2018

အချုပ်သားထွက်ပြေးလွတ်မြောက်ခဲ့မှုအတွက် ဘိုကလေးရဲတပ်ဖွဲ့ဝင် ၈ ဦး ကိုဖမ်းဆီးအရေးယူ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မရဲစခန်းမှာ အချုပ်သား ၃ ဦး အချုပ်ခန်းဖောက်ပြီး ထွက်ပြေးခဲ့တာကြောင့် တာဝန်ပေါ့လျော့ခဲ့တဲ့ တာဝန်မှူး ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ဘိုကလေးမြို့မရဲစခန်းမှာ  ဖမ်းဆီးအရေးယူထားပါတယ်။ တာဝန်ပေါ့လျော့တာကြောင့် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူထားတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက  ဒုရဲမှူးကြီး ထွန်းရွှေကပြောပါတယ်။ “အချုပ်ခန်းဖောက်ပြီး အချုပ်သား ၃ ဦး ထွက်ပြေးသွားတဲ့အတွက် တာဝန်မှူး ဒုရဲအုပ် လှစိုးအပါအ၀င် တပ်ဖွဲ့ဝင် ၈ ဦးကို တာဝန်ပေါ့လျော့မှုနဲ့ ရဲစည်းကမ်းထိမ်းသိမ်းရေးဥပဒေအရ အရေးယူထားပါတယ်” စက်တင်ဘာ ၁၈ ရက် မနက်က ဘိုကလေးမြို့မရဲစခန်း ဗဟိုကင်းမှာ အလှည့်ကျကင်းရဲတပ်သား သန်းထိုက်စိုးနဲ့ ရဲတပ်သားမိုးဇော်ကိုတို့ စောင့်ကြပ်နေချိန်မှာ အချုပ်သားတွေဖြစ်တဲ့ ဆိုင်ကယ်ခိုးမှုနဲ့ ရဲစခန်းမှာစစ်ဆေးနေတဲ့ ရဲတပ်သားဟောင်း အာကာဂျူး(၂၃ နှစ်)၊ ကျောင်းဆရာမစုံတွဲကို ဓားထောက်လုယက်မှုနဲ့ ရဲစခန်းမှာစစ်ဆေးနေတဲ့ ပိုးဖြူ(ခ)နန္ဒအောင်(၁၉ နှစ်)နဲ့ ဓမ္မတာမမှန်တဲ့လိင်ဆက်ဆံမှုနဲ့ ရဲစခန်းမှာစစ်ဆေးနေတဲ့ လှနိုင်ဦး(၃၃နှစ်)တို့ဟာ  အချုပ်ခန်း သစ်သားတိုင်ကို သံဖြတ်လွှနဲ့ ဖြတ်ပြီး ထွက်ပြေးခဲ့တာပါ။ အဆိုပါ ၃ ဦးဟာ အချုပ်ခန်းကထွက်ပြေးပြီး ဘိုကလေး-မော်ကျွန်းကားလမ်းပေါ်မှာရှိတဲ့ ကျွဲခြံတံတားနားမှာ ဆိုင်ကယ်စီးလာသူတစ်ဦးကို ထိုးကြိတ်ရိုက်လုထွက်ပြေးခဲ့ပြီးနောက် စက်တင်ဘာ၁၈ ရက်မနက် ၈ နာရီလောက်မှာပဲ မအူပင်မြို့နယ်၊ ရေလဲလေးကျေးရွာနားမှာ လုယူခဲ့တဲ့ ဆိုင်ကယ်နဲ့အတူ အာကာဂျူးနဲ့ ပိုးဖြူ(ခ)နန္ဒအောင်တို့ကို ပြန်လည်ဖမ်းမိခဲ့ပါတယ်။ ဆက်လက်ထွက်ပြေးလွတ်မြောက်နေတဲ့ အချုပ်သား လှနိုင်ဦးကိုတော့ ညနေ ၅ နာရီလောက်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ထဲမှာ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ မြမင်းဦး(ပုသိမ်)
4 years Ago
Up