အချိန်အခါကောင်းရင်

May 14, 2017

အချိန်အခါကောင်းရင် အမေရိကန်နှင့် ဆွေးနွေးရန် အသင့်ဟု မြောက်ကိုရီးယားပြော

အခြေအနေအချိန်အခါ ကောင်းရင် အမေရိကန်နဲ့ ဆွေးနွေးပွဲ ကျင်းပသွားနိုင်တယ်လို့ မြောက်ကိုရီးယားက ပြောကြောင်း တောင်ကိုရီးယား သတင်းတွေမှာ ဖော်ပြပါတယ်။ နော်ဝေးနိုင်ငံမှာ အမေရိကန်အစိုးရ အရာရှိဟောင်းတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ထရမ့်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်နိုင်ခဲ့တာလို့ အမေရိကန်အရေး တာဝန်ရှိသူ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတဦးဖြစ်သူ မစ္စချိုးဆန်းက ပြောခဲ့ကြောင်း ဘီဘီစီသတင်းမှာ ရေးသားထားတာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ကင်ဂျုံအန်းနဲ့ တွေ့ချင်ကြောင်း ဒီလအစောပိုင်းက ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဘယ်လစ်စတစ်ဒုံးကျည်နဲ့ နျူကလီးယားအစီအစဉ်တွေကြောင့် တင်းမာမှုတွေ မြင့်မားခဲ့တဲ့ အချိန်ကာလတွေပြီးနောက် ဒီလိုပြောဆိုခဲ့ကြတာပါ။ ပြုံယမ်းနဲ့ ဝါရှင်တန်အစိုးရတွေအကြား နှစ်ဦးနှစ်ဖက်ပြောဆိုဆွေးနွေးမှုကို စဉ်းစားနေတယ်လို့ မစ္စချိုးဆန်းက ပြောခဲ့ပါတယ်။ အမေရိကန် ပါဝင်လာလို့ မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက်တွေကို အကန့်အသတ်နဲ့ထားရှိဖို့ ဒါမှမဟုတ် လက်လျှော့လိုက်ဖို့ ဆွေးနွေးတာကို အနည်းဆုံး သဘောတူကောင်း တူနိုင်တယ်လို့ ဘီဘီစီသတင်းက ပြောပါတယ်။ အရင်က နျူကလီးယားအရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ မစ္စချိုးက နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ မေလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအပြီး ပြုံယမ်းကို ပြန်အရောက်မှာ ဒီလို ပြောခဲ့တာလို့ ရေးထားပါတယ်။ မစ္စတာထရမ့်ဘက်ကလည်း အရင်ကတည်းက မြောက်ကိုရီးယား အကြပ်အတည်းကို သံတမန်ရေးအရပဲ ဖြေရှင်းချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ “ကြီးမားတဲ့ ပဋိပက္ခကြီး” လည်း ဖြစ်နိုင်ချေရှိနေတာလို့ ဆိုထားပါတယ်။
4 years Ago
Up