အချိန်အခါမဟုတ် မိုးရွာလေပြင်းတိုက်နိုင်၊ မုန်တိုင်းငယ်

December 7, 2017

အချိန်အခါမဟုတ် မိုးရွာလေပြင်းတိုက်နိုင်၊ မုန်တိုင်းငယ် မြန်မာဘက် ရွေ့လျားရန် မရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာတာနဲ့ လေပြင်းတိုက်ခတ်တာတွေ  ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြု နေထိုင်ကြဖို့ မိုးလေဝသနဲ့ဇလဗေဒဌာနက သတိပေးထားပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုကြဖို့လည်း သတိပေးထားပါတယ်။ မုန်တိုင်းအရှိန်ကြောင့်  စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့  ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေဟာ ၁ နာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်တို့မှာ လှိုင်းအမြင့် ၈ ပေကနေ ၁၂ ပေခန့်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်မှာ ၆ ပေကနေ ၁၀ ပေခန့် ရှိနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်း ဖော်ပြပါတယ်။ မုန်တိုင်းငယ်ဟာ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ မာချီလီပတ္တနမ်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၅၄၀ ခန့်၊ ဂိုပါလ်ပူမြို့ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် ၅၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားမယ်လို့  ခန့်မှန်းထားပါတယ်။ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတဲ့အတွက်  အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။
4 years Ago
Up