အချိန်မီကယ်တင်

August 4, 2017

အမျိုးသားတဦး မူးယစ်ဆေးထိုးသွင်းဒဏ်ရာများဖြင့် သေဆုံး၊ ၁ နှစ်သမီးကို အချိန်မီကယ်တင်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ထန်းတပင်ကျေးရွာ၊ မြို့ရှောင်လမ်း၊ မိုးညှင်းဒီဂရီ ကောလိပ်ကျောင်းအနောက်ဘက် ခြံစည်းရိုးဘေး ရေမြောင်းအတွင်းမှာ သြဂုတ် ၁ ရက် ည ၇ နာရီခွဲလောက်က အမျိုးသားတဦးဟာ မူးယစ်ဆေးထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။ သေဆုံးသူအနီး ရေမြောင်းအနီးမှာ ငိုယိုပြီးသွားနေတဲ့ ကလေးလေးအား ထန်းတပင်ကျေးရွာမှ အမျိုးသမီးတဦးက ကလေးငိုသံကြားလို့ အချိန်မီ ဆွဲယူကယ်တင်နိုင်ခဲ့ပြီး ကလေးရဲ့ အဘိုးအဘွားလက်ကို ပြန်လည်ပေးအပ်နိုင်ခဲ့တယ်လို့ ရွာသစ်ကုန်းကျေးရွာ ဥက္ကဋ္ဌ ဦးကျော်ယုက ပြောပါတယ်။ သတင်းအရ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်မင်စိုးနဲ့အဖွဲ့၊ ရွာသစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တို့ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အိုက်ဆိုင် ၂၉ နှစ် မိုးညှင်းနေသူဖြစ်တယ်လို့ ဆိုပါတယ်။ မြောင်းအနက် လေးပေရေတစ်ပေခွဲလောက်မှာ မှောက်လျက်အနေထားနဲ့ သေဆုံးနေတာဖြစ်ပြီး ဝဲလက်ဖျံတွင်း ဆေးထိုးအပ်ရာနဲ့ သုံးစွဲထားတဲ့ ဆေးထိုးပိုက် တစ်ချောင်း တွေ့ရှိရတယ်လို့ ပြောပါတယ်။ “မိုးညှင်းဒေသမှာ မူးယစ်ဆေးစွဲသူတွေဟာ ယင်းထလာပြီဆို မိဘကိုလည်း မသိတော့ဘူး၊ သားသမီးကိုလည်း မသိကြတော့ဘူး” ကျေးရွာဆယ်အိမ်မှူးက ပြောပါတယ်။ အိုက်ဆိုင် သေဆုံးမှုနဲ့ပတ်သက်လို့ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် သိရဖို့ တရားလို ဒုရဲအုပ်မင်းရာက သေမှုသေခင်းအမှတ်၂၀/၁၇ နဲ့ မိုးညှင်းရဲစခန်းမှာ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရပါတယ်။ မုန်းမုန်းမင်း
4 years Ago
Up