မာဒါဂါစကာနိုင်ငံ တောင်ပေါ်ဒေသတွေမှာ လက်တွဲဖော်ရရှိဖို့ ခက်ခဲလွန်းတဲ့ ဒေသခံအမျိုးသားတွေဟာ နွားရိုင်းတွေနဲ့ လုံးထွေးသတ်ပုတ်ပြီးမှ ဖူးစာရှင်ရှာဖွေရတဲ့ ထူးဆန်းအံ့သြဖွယ် ရိုးရာဓလေ့တခု ရှိနေပါတယ်။
ဒေသခံ ဘက်စီလီယိုလူမျိုးစု အမျိုးသားတွေဟာ ဒေသခံအမျိုးသမီးတွေရဲ့ ချစ်ခင်ရင်းနှီးမှု ရနိုင်ဖို့ ရာစုနှစ်ပေါင်းများစွာကတည်းက ဆာဗီကာလို့ ခေါ်ကြတဲ့ နွားရိုင်းတွေနဲ့ နပန်းသတ်ပြိုင်ပွဲတွေကို ကြီးမှူးကျင်းပ ပြုလုပ်လေ့ရှိတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒေသခံအမျိုးသားတဦးဖြစ်တဲ့ အန်ဒီဟာ လူလွတ်တဦးဖြစ်ပြီး သူချစ်ကြိုက်ရမယ့်သူကို ရှာဖွေဖို့ စိတ်အားထက်သန်နေပါတယ်။
ဒေသတွင်းမှာ အလေးအမြတ်ထားရာအဖြစ် စဉ်းစားကြတဲ့ နွားရိုင်းတွေက ခုလို ရိုးရာအဖြစ် ကျင်းပကြတဲ့ မာလာဂါဆီ ဆာဗီကာပွဲတော်တွင်းမှာတော့ အန္တရာယ်မရှိဘူးလို့ ဒေသခံတွေက ယုံကြည်ထားကြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဒေသရဲ့အရှေ့ပိုင်းမှာ ကျင်းပတဲ့ နွားရိုင်းနပန်းသတ်ပြိုင်ပွဲ မြင်ကွင်းတွေကို သည်းထိတ်ရင်ဖို တွေ့ရှိကြရမှာ ဖြစ်ပါတယ်။
ဒေသခံတဦးကတော့ ခုလိုကျင်းပလေ့ရှိတဲ့ ပြိုင်ပွဲတွေအတွင်း ခန့်မှန်းခြေ လူပေါင်း ၅၀ လောက် သေဆုံးလေ့ရှိတဲ့အတွက် ဆာဗီကာနွားသိုးနဲ့ နပန်းသတ်ပြိုင်ပွဲက အရမ်းအန္တရာယ်များတယ်လို့ ပြောပါတယ်။
မာဒါဂါစကာ တောင်ပေါ်ဒေသမှာ ဘက်စီလီယို လူလွတ်အမျိုးသားတွေက သူတို့ရဲ့ အနာဂတ် ဇနီးလောင်းကို ရရှိနိုင်ဖို့ နွားသိုးတွေနဲ့ နပန်းသတ်ကြတာဖြစ်ပြီး သူတို့ရဲ့ ရဲစွမ်းသတ္တိကိုပြဖို့ ဘာမဆိုလုပ်နိုင်တယ်ဆိုတာ စွန့်စားပြခဲ့ကြတာလို့ ဆိုပါတယ်။
အန်ဒီက သူ့အသက် ၂၇ နှစ် ဖြစ်နေပေမယ့် ခုချိန်အထိ လူလွတ်တဦး ဖြစ်နေရတာ ဆိုးရွားတယ်လို့ ပြောပါတယ်။
သူ့ရဲ့ မိသားစုဝင်တွေကလည်း ဘဝက ဆက်လက်ရှင်သန်နေသင့်တယ်လို့ ယူဆတဲ့အတွက် သူ့အနေနဲ့ လက်ထပ်ချင်ကြောင်း၊ တကယ်လို့ ကလေးမရှိရင် မျိုးဆက်လည်း မရှိနိုင်တော့လို့ ဖခင်ရဲ့ မျိုးရိုးအမည် ပယ်ဖျက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော် နွားသိုးတွေနဲ့ ခုလို နပန်းသတ်တာက ကျော်ကြားအောင်၊ အမျိုးသမီးငယ် အသစ်တွေနဲ့ ဆုံနိုင်အောင်လို့ပါ။ ရွာတွေထဲမှာက ဘောလုံးပွဲမရှိဘူး။ ဗွီဒီယိုမရှိဘူး။ ဂီတမရှိပါဘူး။ ရွာတွေက အရမ်းဝေးပြီး ပွဲရှိရင် အားလုံးလာကြတယ်။ အမျိုးသမီးငယ်တွေနဲ့ အမျိုးသားငယ်တွေ တွေ့ဆုံနိုင်တဲ့ အခွင့်အရေးဖြစ်လို့ နွားရိုင်းနပန်းသတ်ပွဲ အချိန်အခိုက်အတန့်က အရေးကြီးပါတယ်။”
ဒါပေမယ့် ပွဲတော်အတွင်းမှာ နွားရိုင်းတွေကို အလေးအမြတ်ထားကြတဲ့အတွက် မသတ်ဖြတ်ကြဘဲ နွားရိုင်းတွေ မောလာရင် ဒါမှမဟုတ် တစုံတဦး ဒဏ်ရာရရင်တော့ ပွဲကို ရပ်လိုက်တာ ဖြစ်ပါတယ်။
4 years Ago