အချစ်ဒရာမာရုပ်ရှင်

April 2, 2019

နာမည်ကြီး ထိုင်းရုပ်ရှင်ကို ပြန်ရိုက်ထားသည့် ဘောလိဝုဒ် အချစ်ဒရာမာရုပ်ရှင် - Notebook (နမူနာ)

ဘောလိဝုဒ် အချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ Notebook ရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကတည်းက အိန္ဒိယနိုင်ငံမှာ ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ ဘောလိဝုဒ် သရုပ်ဆောင်မင်းသား Salman Khan ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Salman Khan Films က တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Nitin Kakkar က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Teacher’s Diary အမည်ရတဲ့ နာမည်ကြီး ထိုင်းရုပ်ရှင်ကားကို ပြန်လည်ရိုက်ကူး ပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။ စစ်ပြန်အရာရှိဟောင်းတယောက်ဖြစ်တဲ့ Kabir ဟာ ကက်ရှ်မီးယားဒေသထဲက ဆိုးဝါးတဲ့ အခြေအနေတခုနဲ့ စာသင်ကျောင်းလေးဆီ ကျောင်းဆရာတယောက်အနေနဲ့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားလေးတွေက သူ့ကို လက်ခံကြိုဆိုကြပါ့မလား။ တချိန်တည်းမှာပဲ Kabir ဟာ အဲဒီကျောင်းမှာ သူ့အရင် တာဝန်ကျခဲ့တဲ့ ဆရာမတဦးရဲ့ မှတ်စုစာအုပ်လေးကို တွေ့သွားခဲ့ချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ။ အဲဒီထဲမှာရော ဘာတွေ ရေးထားခဲ့မလဲ။ သူတို့နှစ်ဦးကြားက အချစ်၊ အလွမ်း၊ ဒရာမာဆန်ဆန် ထူးဆန်းတဲ့ ဇာတ်လမ်းကရော ဘယ်လိုအဆုံးသတ်သွားလိမ့်မလဲ ဆိုတာတွေကို လှပတဲ့ ရှုခင်း မြင်ကွင်းတွေနဲ့ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ဘောလိဝုဒ် သရုပ်ဆောင် မင်းသား မင်းသမီး နှစ်ဦးဖြစ်ကြတဲ့ Zaheer Iqbal နဲ့ Pranutan Bahl တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဘောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဒီရုပ်ရှင်ကားထဲမှာလည်း ဂီတ၊ အက အလှတွေနဲ့ ရှုစားကြရမှာဖြစ်ပြီး သီချင်းပုဒ်ရေ ၆ ပုဒ်ထိ ထည့်သွင်းအသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၂ မိနစ်ရှိပြီး ဟင်ဒီစကားပြော ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.6 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
3 years Ago

March 5, 2019

ဟောလိဝုဒ် ဝါရင့်မင်းသမီး ဂျူလီယန်မိုး ခေါင်းဆောင်ပါဝင်သည့် အချစ်ဒရာမာရုပ်ရှင် - Gloria Bell (နမူနာ)

ဟောလိဝုဒ် အချစ်ဒရာမာ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Gloria Bell ရုပ်ရှင်ကားကို လာမယ့် မတ်လ ၈ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ A24 Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး ချီလီရုပ်ရှင်ဒါရိုက်တာ Sebastián Lelio က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ Gloria ဟာ လွတ်လပ်တဲ့၊ အနှောင်အဖွဲ့မရှိတဲ့ အိမ်ထောင်ကွဲ အမျိုးသမီးတယောက်ဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့က လုပ်ငန်းခွင်နဲ့ မြို့ပြညတွေထဲမှာ ကျင်လည်နေထိုင်သူတယောက် ဖြစ်ပါတယ်။ သူ့ရဲ့ညတွေဟာ နိုက်ကလပ်တွေရဲ့ ကပွဲကြမ်းပြင်တွေပေါ်မှာ ကုန်ဆုံးနေခဲ့တာဖြစ်ပြီး တရက်မှာတော့ ကလပ်ထဲမှာ သူ့လိုပဲ အိမ်ထောင်ကွဲ အမျိုးသားတယောက်ဖြစ်တဲ့ Arnold နဲ့ ဆုံချိန်မှာတော့ သူတို့ ၂ ယောက် ငြိတွယ်သွားခဲ့ကြတယ်။ ဒါပေမယ့် Arnold ဘက်က မပြတ်သေးတဲ့ အိမ်ထောင်ရေးနောက်ကွယ်က အခြေအနေတွေက သူတို့ ၂ ဦးကြား ရောက်လာခဲ့ချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ။ ချစ်ခြင်းမေတ္တာ၊ မိသားစုနဲ့ အရှုပ်အထွေးတွေကြားက အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြတဲ့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီးကြီး Julianne Moore က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြား သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ John Turturro၊ Michael Cera၊ Brad Garrett နဲ့ Sean Astin တို့ကလည်း အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ကနဦးပြသခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 6.6 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ကြည့်ရှုမယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
3 years Ago
Up