အမျိုးသမီး လုပ်သားအင်အား ရှားပါးတဲ့ ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေကို ဦးစီးပြီး လယ်ယာလုပ်ငန်း ဦးဆောင်လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးကို ရှားရှားပါးပါး မြင်တွေ့ရပါတယ်။
လာဟိုးမြို့ကနေ ကီလိုမီတာ ၁၈၀ အကွာ ရွာငယ်တခုမှာ ပါကစ္စတန် အမျိုးသမီးတစု အာလူးရွေးနေကြပြီး ဒါဟာ ယာလုပ်ငန်းမှာ ရှားပါးမြင်ကွင်း ဖြစ်ရုံသာမက သူတို့ကို ဦးစီးနေသူဟာ အမျိုးသမီးဖြစ်တာကို ထောက်ရင် ကြုံတောင့်ကြုံခဲဖြစ်ရပ်လို့ ဆိုရမှာပါ။
“ကျမက ပညာအရမ်းတတ်တဲ့ ခင်ပွန်းတယောက်ကို ရထားတယ်လေ။ သူ့ကြောင့် ကျမဟာ အိမ်မှာနေရပေမယ့် ကိုယ်တတ်ထားတဲ့ပညာနဲ့ ဘာမဆိုလုပ်နိုင်တယ်လို့ ယုံကြည်လာတယ်။ ဒီလိုနဲ့ တနေ့မှာ မိဘတွေအမွေပေးတဲ့ မြေကွက်ကို စိုက်ခင်းအဖြစ်ပြောင်းဖို့ ကျမတို့ ဆုံးဖြတ်လိုက်ကြတယ်” လို့ အမျိုးသမီး ယာလုပ်ငန်းရှင် ဆာဟာအစ်ဘာက ပြောပါတယ်။
ဆက်လက်ပြီး သူက “အစတုန်းက အမျိုးသမီးတွေကို ခိုင်းတာပဲ ရှိတယ်လေ။ အမျိုးသမီးတွေ ခိုင်းတာကို လုပ်တာက သူတို့နဲ့ အသားမကျဘူး။ ဟုတ်တယ်၊ အဲဒါလေးတော့ ရှိတယ်။ ဒါပေမယ့် အခုတော့ အားလုံး အဆင်ပြေလာပါပြီ။ ဒီလို စိုက်ခင်းကို အမျိုးသမီး တယောက် ဦးစီးပြီး ကိုယ်တိုင်ဆုံးဖြတ်နေတာကို မြင်ရတာ သူတို့အဖို့ အဆန်းဖြစ်နေတယ်” လို့ ပြောပါတယ်။
အခုဆိုရင် ယာခင်းမှာ နေ့စဉ်လုပ်ကိုင်နေတဲ့ အမျိုးသမီး ၁၀၀ ဝန်းကျင်ရှိပြီး ရိတ်သိမ်းချိန်ဆိုရင် အရေအတွက် ၃ ဆ ပိုများပါတယ်။ ယာအလုပ်သမတွေဟာ နေ့တွက်ကြေး ရူပီး ၃၅၀ ဝန်းကျင် ရကြတယ်လို့ သိရပါတယ်။
ပါကစ္စတန် အမျိုးသမီးတွေဟာ နိုင်ငံလူဦးရေရဲ့ တဝက်ရှိပေမယ့် လုပ်သားအင်အားရဲ့ လေးပုံတပုံသာ ရှိပါတယ်။ သူတို့ဟာ အရွယ်အမျိုးမျိုးမှာ ပညာရေးအခွင့်အလမ်းကနေ အကြမ်းဖက်မှု၊ လိင်ပိုင်းနှောင့်ယှက်မှုအထိ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။
2 years Ago