အခမဲ့ ပြ

A d v e r t i s e m e n t With Us

June 4, 2020

လူမျိုးရေးခွဲခြားမှုအခြေပြု-Just Mercy ရုပ်ရှင်ကို Warner Bros. က ဇွန် ၁ လလုံး အခမဲ့ ပြသ

နာမည်ကြီးရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Warner Bros. က လူမျိုးရေးခွဲခြားမှု အခြေပြု ဟောလိ ဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Just Mercy ရုပ်ရှင်ကို ဇွန်လတလလုံးမှာ ဒီဂျစ်တယ်ပလက်ဖောင်းတွေပေါ်မှ အခမဲ့ပြသသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ လတ်တလော အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူဖြူရဲအရာရှိတယောက်ကြောင့် လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်ဒ်သေဆုံးရမှုအတွက် တရားမမျှတမှုနဲ့ လူမျိုးရေးခွဲခြားမှုတွေအပေါ် နိုးကြားလာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ Just Mercy ရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကမှ ရုံတင်ပြသခဲ့တာဖြစ်ပြီး Short Term 12 ၊ The Glass Castle ရုပ်ရှင်တွေနဲ့ ပရိသတ်တွေ သိကြတဲ့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Destin Daniel Cretton က ရိုက်ကူးပုံဖော်ပေးထားကာ Warner Bros. Pictures ကနေ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တရားမျှတမှုအတွက် မှားယွင်းစွာ အပြစ်ချမှတ်ခံရတော့မယ့် တရားခံတယောက်ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ရှေ့နေတယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ၁၉၈၆ ခုနှစ်က အမေရိကန်နိုင်ငံ၊ အယ်လ်ဘားမားပြည်နယ်ထဲမှာ အမျိုးသမီးတယောက် အသတ်ခံရမှုအတွက် လူမည်းအမျိုးသားတယောက်ဟာ သံသယရှိတဲ့ တရားခံအဖြစ် စွပ်စွဲခံခဲ့ရပြီး သေဒဏ်ချမှတ်ခံရဖို့ ရှိနေပါတယ်။ ဒါပေမဲ့ သူပြစ်မှု မကျူးလွန် တာကို အားလုံးက သိနေခဲ့ကြပေမယ့် ဘာမှဆက်မလုပ်နိုင်ဘဲ ရှိနေချိန်မှာ အမှန်တရားရဲ့ ဘက်တော်သားရှေ့နေ Bryan Stevenson က ဒီအမှုကို ကိုင်တွယ်ဖို့ ဖြစ်လာချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ တကယ်ရော လွတ်မြောက်နိုင်ပါ့မလား ဆိုတာတွေကို ဒီကား ထဲမှာ  အနိမ့်အမြင့် အတက်အကျ ဇာတ်လမ်း၊ ဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Michael B. Jordan ၊ Jamie Foxx ၊ Rob Morgan ၊ Brie Larson တို့က ပါဝင်ထားကြတာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Di‌alog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှု ဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၃၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ပွဲတော်တခု ဖြစ်တဲ့ Toronto International Film Festival မှာ ကနဦး ပြသခဲ့ပြီး ချီးကျုးမှုတွေလည်း ရရှိထားခဲ့ပါတယ်။ ဒီကားထဲက သရုပ်ဆောင်မင်းသား Jamie Foxx ဟာ African-American Film Critics Association က ရွေးချယ်ချီးမြှင့်တဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ဒီကားနဲ့ ရရှိထားခဲ့ပြီး အမေရိကန် အခြေစိုက် National Board of Review ကတော့ ဒီရုပ်ရှင်ကို Freedom of Expression Award ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။        လတ်တလောမှာတော့ ဒီကားကို  ဇွန် ၁ လလုံး ဒီဂျစ်တယ်ပလက်ဖောင်းတွေ ဖြစ်တဲ့ Apple TV ၊ FandangoNow ၊ Google Play ၊ Amazon Prime Video ၊ Redbox ၊ PlayStation Store ၊ Vudu ၊ Microsoft နဲ့ YouTube တို့မှာပါ ကြည့်ရှုနိုင်မှာပါ။
9 months Ago
Up