အခမဲ့ရုပ်သံလိုင်း

June 12, 2018

ကမ္ဘာ့ဖလားဘောလုံးပွဲကို အခမဲ့ရုပ်သံလိုင်းများက ထုတ်လွှင့်ပေးရန် တောင်းဆို

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေကို  အများပြည်သူတွေ ကြည့်ရှုနိုင်အောင် အခမဲ့ ရုပ်သံလိုင်းတွေက ထုတ်လွှင့်ပြသပေးဖို့ မြန်မာဘောလုံးဝါသနာရှင် ပရိသတ်တွေက တောင်းဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို လာမယ့်ဇွန်လ ၁၄  ရက်နေ့မှာ စတင်တော့မှာဖြစ်ပြီး ကမ္ဘာတဝန်းက ရုပ်သံဌာနတွေက တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ ပြင်ဆင်နေကြတာပါ။ လေးနှစ် တကြိမ် ကျင်းပတဲ့ ဒီဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံမှာလည်း အများပြည်သူတွေ ကြည့်ရှုနိုင်ဖို့ အခမဲ့ ရုပ်သံလိုင်းတွေကနေ ပြသပေးဖို့ ဘောလုံး ပရိသတ်တွေက အလိုရှိနေတယ်လို့ ဗိုလ်တထောင်မြို့နယ်နေ  ဘောလုံးပရိသတ် ဦးကျော်ဝင်းက ပြောပါတယ်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို အရင်တုန်းကတော့ အစိုးရရဲ့ အခမဲ့ ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ခဲ့ဖူးပါတယ်။ လောလောဆယ်မှာတော့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အခပေး ရုပ်သံလိုင်းတွေကတော့ ပြသမယ်လို့ ကြေညာထားပါတယ်။ ဒီနှစ်ပြိုင်ပွဲဟာ ရုရှားနိုင်ငံမှာ ကျင်းပတာ ဖြစ်တာကြောင့် မြန်မာစံတော်ချိန်နဲ့ အချိန်ကွာခြားချက် သိပ်မရှိလို့ အရင်ကမ္ဘာ့ဖလားပွဲတွေထက် ပိုပြီးစိတ်ဝင်စားတယ်လို့ ဘောလုံးအားကစားကလောင်ရှင် ကိုလွှမ်းမိုးအောင်က ပြောပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင်အသင်းပေါင်း ၃၂ သင်း ပါဝင်ပြီး အုပ်စု ၈ ခု ခွဲပြီး ယှဉ်ပြိုင်ရမှာပါ။ အုပ်စုပွဲစဉ်တွေကို ရုရှားနိုင်ငံရဲ့ မြို့ကြီး ၁၁ မြို့ရဲ့ ဘောလုံးကွင်း ၁၂ ကွင်းမှာ ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပါတယ်။ ဇွန် ၁၄ ရက်နေ့မှာ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် အိမ်ရှင် ရုရှားနဲ့ ဆော်ဒီအသင်းတို့ ယှဉ်ပြိုင်ရမှာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် ဘရာဇီး၊ ပြင်သစ်နဲ့ စပိန်အသင်းတွေ ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။ ဓာတ်ပုံ-FIFA
3 years Ago
Up