အခမဲ့စားစရာ

May 14, 2020

ထိုင်းနိုင်ငံတွင် အခမဲ့စားစရာယူနိုင်သည့်နေရာများကို စစ်တပ်က စီစဉ်ပေး

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ ပြည်သူတွေအလုပ်လက်မဲ့ဖြစ်ပြီး စားရေး သောက်ရေး အခက်အခဲဖြစ်နေတာကို  စစ်တပ်က တစ်ဘက်တစ်လမ်းက ကူညီတဲ့ အနေနဲ့  အခမဲ့ယူစားလို့ရတဲ့ နေရာတွေကို စီစဉ်ပေးထားပါတယ်။ ချင်းရိုင်းခရိုင်  မိန်းရိုင်းမဟာရတ်ချ်တပ်မဟာလက်အောက်ခံ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ တပ်နယ်မြေအနီးနားရှိ ရပ်ကွက်ကျေးရွာတွေမှာ မည်သူမဆို စားစရာတွေ အခမဲ့ယူငင် စားသောက်နိုင်တဲ့  ကြောင်အိမ်တွေလိုက်လံချထားပေးထားတယ်လို့  မေလ ၁၂ ရက် ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။  အဆိုပါအစီအစဉ်ကို  “ ပြတ်လပ်နေသူအတွက်စေတနာအပြည့်နဲ့ ပေးဝေခြင်း” လို့ အဓိပ္ပါယ်ရတဲ့ ဆောင်ပုဒ်နဲ့အတူ အမှတ် ၃၇ ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူးဗိုလ်မှူးကြီး ဆဒ်ချ နာကန် ခွန်ယုတ်ယင့်နဲ့ အမှတ် ၁၇ တပ်ရင်းမှူးကိုယ်စား ဗိုလ်မှူး ရတ်ချတ ထောက်ခမ်းလူးတို့က ဦးဆောင်ပြီး ချင်းရိုင်းခရိုင် ချင်းရိုင်းမြို့နယ် လွပ်ဝန်းအုပ်စုမှာရော ဒွိုင်ထောင်းရပ်ကွက် မှာပါချ ပေးထားပါတယ်။  ကြောင်အိမ်ထဲမှာ ဆန် ၊ ခေါက်ဆွဲခြောက် ၊ နွားနို့ ၊ သောက်ရေသန့် ၊ ငါးသေတ္တာ ၊ မုန့် အစရှိတဲ့ စားစရာတွေ အသင့်ထည့်ထားပေးပြီး လိုအပ်သလောက်သာ ယူငင်သွားဖို့နဲ့  စေတနာရှင်တွေ လာရောက်ဖြည့်တင်းပေးနိုင်ကြောင်း ရေးသားထားပါတယ်။ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့အပါအဝင် ထိုင်နိုင်ငံတဝန်းကမြို့တွေမှာလည်း  ပုဂ္ဂလိကအလှူရှင်တချို့က အခမဲ့စားစရာ ယူငင်နိုင်တဲ့ ကြောင်အိမ်တွေ ထားရှိပေးနေတယ်လို့ သိရပါတယ် ။  ပြည်သူတချို့က လာရောက်ယူငင်သွားသလို တချို့ကလည်း လာရောက်ဖြည့်ဆည်း ဝေငှနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ် ။  ကိုးကား - ချင်းမိုင်နယူးစ် / 77kaoded  / ယူကျူ့ရုပ်သံ 
1 year Ago
Up