အခမဲ့ကုသနိုင်

A d v e r t i s e m e n t With Us

May 29, 2020

မကွေးမြို့တွင် အခမဲ့ကုသနိုင်သည့် Fever Clinic ဆေးခန်းဖွင့်လှစ်

လူထုအခြေပြု အခမဲ့ဖျားနာကုဆေးခန်း"Fever Clinic" တစ်ခုကို မကွေးမြို့ ကရုဏာရှင်များ နာရေးကူညီမှုအသင်းမှာ မေလ ၂၈ ရက်က စတင်ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာနိုင်ငံဆရာဝန်များအသင်း မကွေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဖြစ်တဲ့ မကွေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးလှက "ကိုဗစ်-၁၉ ကာလမှာ ဖျားနာတဲ့သူတွေကို ကုသရာမှာ အဆင်ပြေနိုင်အောင် ပြင်ပမှာရှိတဲ့ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်းတွေစုပေါင်းပြီး ဒီဆေးခန်းလေး ဖွင့်လှစ်ဖြစ်တာပါ။ တကယ်လို့ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ပါဝင်လာခဲ့ရင်လည်း ရောဂါကူးစက်မှုမရှိအောင် စနစ်တကျစီမံထားပါတယ်။ အစိုးရ ဌာနဆိုင်ရာ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို အထောက်ကူပြုနိုင်ဖို့ ရည်ရွယ်ပြီးတော့ မြန်မာနိုင်ငံဆရာဝန်အသင်း မကွေးတိုင်းဒေသကြီးက ဦးဆောင်ဖွင့်လှစ်ပေးခဲ့တာပါ"လို့  ဒီဗွီဘီကို ပြောပါတယ်။ ဆေးခန်းကို အပတ်စဉ် တနင်္လာ၊ ကြာသပတေး၊ စနေနေ့တွေမှာ ဖွင့်လှစ်မှာဖြစ်ပြီး ဆရာဝန် တစ်ဦး၊ ဆရာမ တစ်ဦး၊ ကြက်ခြေနီ ၃ ဦးနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး တာဝန်ထမ်းဆောင်ကြမှာပါ။ မိုးရာသီကာလဖြစ်တဲ့ ဇွန်၊ ဇူလိုင်လတွေမှာ အဖျားရောဂါတွေဝင်လာနိုင်တာမို့ လူနာ အရေအတွက်များလာပါက ဆေးခန်းဖွင့်ရက်နဲ့ တာဝန်ထမ်းဆောင်မှုကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့  မြန်မာနိုင်ငံဆရာဝန်များအသင်း၊မကွေးတိုင်းဒေသကြီး တွဲဘက်အတွင်းရေးမှူး ဒေါက်တာဖြူဖြူထွန်းက ပြောပါတယ်။ အပြင်ဆေးခန်းတွေပိတ်ထားတာကြောင့် ပြည်သူတွေကို အလွယ်တကူ ကုသပေးနိုင်အောင် Social Distancing စနစ်နဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အစီအမံတွေပြုလုပ်ပြီး  ဆေးခန်းဖွင့်လှစ်ပေးထားတာပါ။ ကိုဗစ်-၁၉ သံသယလူနာတွေရှိပါက ကာကွယ်ရေးဝတ်စုံ လူနာတင်ယာဉ်တွေ စီမံထားရှိပြီး အဓိကဆေးရုံ ၃ ရုံအနက် လူနာဆန္ဒပြုတဲ့ ဆေးရုံကိုပို့ ဆောင်ပေးမှမယ်လို့ဆိုပါတယ်။ မကွေးဆေးတက္ကသိုလ်၊ ဆေးပညာဌာန ပါမောက္ခ  ဒေါက်တာသိန်းမြင့်က "ဖျားနာတဲ့ လူနာတွေအနေနဲ့ Quarantine ဝင်ရမှာစိုးရိမ်ပြီး အစိုးရဆေးရုံတွေသွားရောက် မပြသတာတွေရှိနိုင်တယ်။ လက်ရှိကာလမှာတော့ အဖျားရောဂါကို ကိုဗစ်-၁၉ သံသယနဲ့ပဲ ကြည့်မှာဖြစ်လို့ ရောဂါကာကွယ်ရေးအတွက် အစီမံတွေလုပ်ဆောင်ထားပြီး သက်ဆိုင်ရာ ဆေးရုံတွေကိုစနစ်တကျလွှဲပြောင်းနိုင်အောင် စီစဥ်ထားပါတယ်။ ကိုဗစ်-၁၉ မဟုတ်တဲ့ လူနာတွေကို ရောဂါကူးစက်မှုမရှိအောင် ဂရုတစိုက် ကုသပေးမှာပါ။ အများနဲ့စာရင် နောက်ကျတယ်ဆိုပေမဲ့  နည်းပညာပိုင်း၊ လုံခြုံရေးပိုင်းတွေ စနစ်တကျ ဆောင်ရွက်ထားပြီး သင်ကြားပေးထားတဲအတိုင်း လိုက်နာမယ်ဆိုရင် ကိုဗစ်-၁၉ လူနာအစစ်လာရင်တောင် လူနာအတွက်ရော ကုသတဲ့အဖွဲ့ အတွက်ပါ ရောဂါကူးစက်မှု လုံးဝမရှိနိုင်ပါဘူး” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ပြင်ပမှာရှိတဲ့ ဆရာဝန် ၉ ဦး၊ သူနာပြုဆရာမ ၆ ဦး၊ ကြက်ခြေနီ၊ မီးသတ်၊ ပရဟိတအဖွဲ့တွေကို စနစ်တကျ သင်တန်းပေးကာ အလှည့်ကျစနစ်နဲ့ တာဝန်ယူကုသပေးမှာ ဖြစ်တယ်လို့  မြန်မာနိုင်ငံဆရာဝန်များအသင်း၊ မကွေးတိုင်းဒေသကြီးကနေ သိရပါတယ်။ သတင်း-မင်းထီး
9 months Ago
Up