.အခကြေးငွေ

February 8, 2021

သတင်းများအတွက် အခကြေးငွေပေး News Showcase ပလက်ဖောင်း ဂူဂယ်လ်က စတင်

ဖော်ပြတဲ့ သတင်းတွေအတွက် အခကြေးငွေ ပေးထားတဲ့ News Showcase   ပလက်ဖောင်းတစ်ခုကို နည်းပညာကုမ္ပဏီကြီး  ဂူဂယ်လ်က သြစတြေးလျမှာ ဖေဖော်ဝါရီ ၅ ရက်က  စတင်လိုက်ပါတယ်။ 

ဂူဂယ်လ်ဟာ  သူ့မှာ ဖော်ပြတဲ့သတင်းတွေအတွက်  သတင်းဌာနတွေနဲ့ စာချုပ်ချုပ်ပြီး   သြစတြေးလျ အစိုးရ အဆိုပြုတဲ့ အခကြေးငွေ ပေးရေး ဥပဒေဟာ မလိုအပ်ဘူးဆိုတာကို ပြသခဲ့ပါတယ်။ 

အရင်က ဘရာဇီးနဲ့ ဂျာမနီမှာပဲ ဖြန့်ချိရသေးတဲ့ News Showcase ပလက်ဖောင်းကို မူလက ပြီးခဲ့နှစ်  ဇွန်လမှာ စတင်အသုံးပြုဖို့ စီစဉ်ခဲ့တာပါ။ 

ဒါပေမဲ့ သြစတြေးလျအစိုးရက  ဂူဂယ်လ်နဲ့ ဖေ့စ်ဘွတ်စ်ကို  သူတို့ဖော်ပြတဲ့ သြစတြေးလျ မီဒီယာသတင်းတွေအတွက် အခကြေးငွေ ပေးရမယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းဖို့ ကြိုးပမ်းလာတဲ့အခါ   ဂူဂယ်လ်ကုမ္ပဏီက သူရဲ့ အစီအစဉ်တွေကို  ခေတ္တဆိုင်းခဲ့ပါတယ်။ 

သြစတြေးလျ အစိုးရကြိုးပမ်းမှုဟာ တခြားကမ္ဘာ့ဘယ်နေရာမှ မရှိဖူးသေးပါဘူး။ အဲဒီဥပဒေဟာ အလုပ်မဖြစ်ဘဲ တကယ်လို့ အတည်ပြုခဲ့ရင်  သြစတြေးလျမှာ ဂူဂယ်လ်သုံးလို့မရအောင် လုပ်မယ်ဆိုပြီး  ဂူဂယ်လ်ဟာ အရင်က ပြောဆိုခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၅ ရက် က စတင်တဲ့ News Showcase  ပလက်ဖောင်းမှာတော့ ဂူဂယ်လ်က သြစတြေးလျ  သတင်းဌာန ၇ ခုကို သတင်းအသုံးပြုခပေးပြီး  သတင်းတွေ ဖော်ပြထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

10 months Ago
Up