အခက်တွေ့

December 6, 2020

နှမ်းဈေးကျဆင်းနေသဖြင့် ဝက်လက်တောင်သူများ အခက်တွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းက ဆောင်းနှမ်းစိုက်တောင်သူတွေဟာ အရင်နှစ်ကထက် နှမ်းဈေးတွေ အဆမတန်ကျဆင်းနေတာကြောင့် အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က နှမ်းနက်ပြာခေါ်(ဆင်းရတနာ ၃) နှမ်း ၁ တင်းကို အနိမ့်ဆုံး ၇ သောင်းကနေ အမြင့်ဆုံး ၉ သောင်းအထိ ရောင်းချကြရတာဖြစ်ပြီး အခုနှစ်မှာ ၁ တင်းကို ၅ သောင်းကျော်သာ‌ ရောင်းရတာဖြစ်လို့ မနှစ်ကနဲ့စာရင် နှမ်း (သုံးတင်းဝင်) ၁ အိတ်ကို ၆ သောင်းကျော်လောက်အထိ ကွာဟတယ်လို့ ဆားတောင်နီကျေးရွာနေ နှစ်စိုက်တောင်သူ ဦးရဲမြင့်ကပြောပါတယ်။ “မနှစ်က ဈေးနဲ့စာရင် နှမ်း ၁ အိတ်ကို ၆ သောင်းလောက်အထိ ကွာဟနေတာဖြစ်ပါတယ်။ နောက်ပြီးတော့ ကားလမ်းတွေကလည်း မသွားရမလာရဆိုတော့ ဝယ်လက်တွေလည်း နှေးလာတယ်။ ကျနော်တို့မှာ လုပ်အားခတွေရှင်းဖို့ အခက်အခဲတွေဖြစ်နေတယ်။” ဝက်လက်မြို့နယ်အတွင်းက ရှိမ္မကား၊ သစ်ဆိမ့်၊ ဆားတောင်နီ အစရှိတဲ့ ဧရာဝတီမြစ်ရိုးဘေးက ကျေးရွာတွေဟာ မန္တလေးမြို့ပေါ်ကို ဈေးပိုရလို့ တိုက်ရိုက်တက်ရောင်းကြတာဖြစ်‌ပေမဲ့ မန္တလေးမှာ ကိုဗစ်-၁၉ ကူးစက်မှုများလာလို့ အသွားအလာကန့်သတ်လိုက်တာဖြစ်ပါတယ်။  ဝက်လက်မြို့ပေါ်က နှမ်းပွဲရုံတွေကတော့ ရောင်းဝယ်တာတွေပြုလုပ်နေပြီး ဒီဇင်ဘာ ၅ ရက်နေ့ညနေအထိ ၁ တင်းကို ၅၃၀၀၀ ဈေးရှိကာ ပွဲရုံအားလုံးပေါင်း နေ့စဉ် တင်းရေ ၃၀၀ ကနေ ၁၀၀၀ ကြား အရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ နှမ်းအရောင်းအဝယ်ပြုလုပ်တဦးက ပြောပါတယ်။ အင်ကြင်းပင်ကျေးရွာက နှမ်းတောင်သူတဦးက “လုပ်အားခရှင်းဖို့၊ ဆိုင်ကယ်နဲ့လာရင်လည်း ဆီဖိုးပေးဖို့၊ ဝယ်ချက်ကျွေးဖို့ လာတဲ့အလုပ်သမားကို ခေါ်ပြီးခိုင်းတော့ အပြန်ကြ တခါတည်း ငွေ‌ကချေရတာ၊ မရှိပြန်တော့ ငွေတိုးယူပြီးချေရတာ” လို့  ပြောပါတယ်။ ဝက်လက်မြို့နယ်အတွင်းမှာ ဆောင်းနှမ်းဧက ၆ သောင်းကျော်စိုက်ထားပြီး ဆင်းရတနာ ၃ နှမ်းမျိုးနဲ့ ဆင်းရတနာ ၁၄ နှမ်းမျိုးတွေ အများဆုံးစိုက်ကြတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။ အောင်စံလင်း
7 months Ago

November 20, 2020

ငွေကြေးပေးဆောင်ပြီးမှ ကျောက်မျက်တူးခွင့်မပြုသဖြင့် တပိုင်တနိုင်ကျောက်တူးသူများ အခက်တွေ့

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာအနီးမှာ ကျောက်စိမ်းတူးဖော်ဖို့ နယ်မြေခံတပ်မတော်ကို တပိုင်တနိုင် ကျောက်စိမ်းတူးသူတွေက ငွေကြေးပေးခဲ့ရပြီး အဲဒီလိုပေးဆောင်ပြီး ၁ လမပြည့်ခင်မှာပဲ ဆက်လက်တူးဖော်ခွင့် မပြုတော့တာကြောင့် ငွေကြေးပေးခဲ့ရတဲ့ တပိုင်တနိုင် ကျောက်တူးသူတွေ အခက်အခဲ ဖြစ်ပေါ်နေပါတယ်။  အဲဒီလို တူးဖော်ခွင့်ရဖို့အတွက် ကျောက်ကျင်းတစ်ကျင်းကို ၁ သိန်းနှုန်းကောက်ခံပြီး ကျောက်ကျင်းဆီကို သွားရာမှာအသုံးပြုတဲ့ ဖောင်တခုကို သုံးသိန်းနှုန်း လစဉ်ကြေး ကောက်ခံခဲ့ကာ ရရှိတဲ့ ကျောက်မျက်အပေါ်မှာလည်း အချိုးကျခွဲဝေမှုတွေပြုလုပ်ရတယ်လို့ ကျောက်တူးသူတွေက ပြောပါတယ်။   အဲ့ဒီနေရာမှာ လုပ်ကိုင်နေတဲ့ ကျောက်ကျင်းပေါင်း ၁၀၀ ကျော်ရှိပြီး ရေကူးဖောင်ပေါင်း ၆၀ ကျော်ရှိတယ်လို့လည်း ကျင်းတူးတဲ့သူတွေက ပြောပါတယ်။  ငွေကြေးကောက်ခံရာမှာ ဝှေခါကျေးရွာက ရပ်မိရပ်ဖတွေက ကော်မတီဖွဲ့ ကောက်ခံနေတာဖြစ်ပြီး ရရှိလာတဲ့ ပိုက်ဆံတွေကို နယ်မြေခံတပ်ရင်းကို ပေးရတာလို့ ကျင်းတူးသမားတွေက ဆိုပါတယ်။  အခုလို ငွေကြေးတောင်းခံမှုတွေနဲ့ပတ်သက်လို့ တပ်မ ၃၃ လက်အောက် ဝှေခါအခြေစိုက် တပ်စခန်းက ဗိုလ်ကြီး သန်းနိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ မိမိတို့အနေနဲ့ ကျောက်လည်း မရသလို ငွေကြေးလည်း တောင်းခံတာမျိုးမရှိဘဲ လုံခြုံရေးတာဝန်သာ ထမ်းဆောင်ရတဲ့ အဖွဲ့စည်းဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။  အဲ့ဒီနေရာဟာ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက ကျောက်စိမ်းတောင် ကမ်းပါးနံရံပြိုကျပြီး လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ကာ ၆၀ နီးပါး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့နေရာဖြစ်တဲ့အတွက်  ကျောက်စိမ်းမတူးဖော်ဖို့ နိုင်ငံတော်က အထူးတားမြစ်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။  ဇော်မိုးထက်
7 months Ago
More News
Up