အကွက်ရိုက်

January 25, 2020

မကွေးတိုင်းအတွင်း ခွင့်ပြုချက်မရဘဲ လယ်ယာမြေ အကွက်ရိုက် ရောင်းချမှုများ အရေးယူမည်

မကွေးတိုင်းမှာ ခွင့်ပြုချက်မရဘဲ လယ်ယာမြေ အကွက်ရိုက် ရောင်းချနေတာ ပခုက္ကူမြို့နယ်က အများဆုံးဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက အရေးယူသွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ပြောပါတယ်။ “၂၀၁၂ လယ်ယာမြေဥပဒေမှာ ဥပဒေပုဒ်မ ၁၂ အရ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲနဲ့ အခြားနည်း သုံးစွဲခွင့်မပြုလုပ်ရ ဆိုပြီးတော့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်၊ ဒါကိုမှ မလိုက်နာဘူးဆိုရင် ပုဒ်မ ၁၉ နဲ့ အရေးယူလို့ရပါတယ်၊ ပုဒ်မ ၁၉ မှာတော့ ပုဒ်မ ၁၂ မှာပါတဲ့ စည်းကမ်းချက်အားလုံးကို ဖြစ်စေ၊ စည်းကမ်းချက်တခုကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်မယ် ဆိုရင်တော့ သက်ဆိုင်ရာ လယ်မြေစီမံခန့်ခွဲမှုအဖွဲ့က ဥပဒေ၊ နည်းဥပဒေနဲ့အညီ အ‌ရေးယူ ဆောင်ရွက်လို့ရပါတယ်။” ပခုက္ကူမှာ လက်ရှိ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က အရေးယူထားတာကတော့ လယ်ယာမြေမှာ အသေးစားရေနံချက်စက်ရုံတွေ ကျူးကျော်လုပ်ကိုင်နေတဲ့သူကို တရားစွဲထားပြီး လယ်ယာမြေမှာ ခွင့်ပြုချက်မရှိဘဲနဲ့ အခြားနည်းသုံးစွဲတဲ့ဟာကို အရေးယူတဲ့တာတော့ မရှိသေးဘူးလို့ ဝန်ကြီးက ပြောပါတယ်။ “လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲနဲ့ အခြားနည်း သုံးစွဲတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာရပ်ကျေးလယ်စီမှာ အဓိကတာဝန်ရှိပါတယ်။ ရပ်ကျေးလယ်စီတွေအနေနဲ့ မိမိတို့ရပ်ရွာ မိမိတို့ဒေသမှာ ခွင့်ပြုချက်မရှိဘဲနဲ့ အခြားနည်းသုံးစွဲတာတွေ့တယ်ဆိုလို့ရှိရင် သူတို့အနေနဲ့ မြို့နယ်၊ ခရိုင်ကို အကြောင်းကြားရမှာ ဖြစ်တယ်၊ ပျက်ကွက်တယ်ဆိုရင်တော့ ကျနော်တို့ စီမံခန့်ခွဲနည်းလမ်းနဲ့ အရေးယူသွားမယ်။” ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်မရှိကြောင်း၊ ဝန်ထမ်းတွေအနေနဲ့ အဂတိလိုက်စားကာ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ခွင့်ပြုထားတာကို ခိုင်လုံတဲ့ အထောက်အထားနဲ့ တင်ပြလာပါက အရေးယူသွားမယ်လို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်း စိုက်ပျိုးဧက လျော့နည်းမသွားအောင် လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်ပေးတဲ့အခါ စိုက်ပျိုးလို့ မကောင်းတဲ့မြေတွေနဲ့ အဓိကစိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုပဲ အနည်းဆုံး လိုအပ်တဲ့ မြေဧရိယာကို စိစစ်ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။ မကွေးတိုင်းတိုင်းဒေသကြီးမှာ စိုက်ပျိုးမြေက‌ ဧကသိန်း ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။ တင်ရွှေ(မင်းဘူး)
1 year Ago
Up