အကြီးမားဆုံး ရန်သူ

January 9, 2021

အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး ရန်သူပဲ - ကင်ဂျုံအန်း

အမေရိကန်ဟာ သမ္မတ ပြောင်းတိုင်း မူဝါဒ မပြောင်းကြောင်းနဲ့ မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး ရန်သူပဲလို့ ခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြောင်း နိုင်ငံပိုင်ရုပ်သံက ဇန်နဝါရီ ၉ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ ဒါဟာ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။  အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒတွေကို ရုပ်သိမ်းရေးဟာ မြောက်ကိုရီးယား-အမေရိကန် ဆက်ဆံရေးအတွက် အဓိကကျတယ်လို့လည်း ကင်က ပြောခဲ့ပါတယ်။   မြောက်ကိုရီးယားရဲ့ နျူလက်နက်တွေကို  တလွဲသုံးမှာ မဟုတ်ကြောင်း၊ မြောက်ကိုရီးယားဟာ လက်ဦးမှု ရယူပြီး လက်တုံ့ပြန်နိုင်တဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ နဲ့ အရွယ်အစားအမျိုးမျိုးရှိတဲ့ နျူထိပ်ဖူးတွေ အပါအဝင် နျူလက်နက်အင်အားကို တိုးချဲ့နေတယ်လို့ ကင်ဂျုံအန်းက ပြောဆိုသွားပါတယ်။  ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင်က အသံထက်မြန်ဆန်တဲ့ လက်နက်တွေ၊ အစိုင်အခဲလောင်စာသုံးတိုက်ချင်းပစ် ဒုံးပျံတွေ၊ ထောက်လှမ်းရေး ဂြိုဟ်တုတွေ နဲ့ ဒရုန်းတွေ အပါအဝင် အဆင့်မြင့် စစ်ဘက်ပစ္စည်းတွေ ပိုမိုတီထွင်ဖန်တီးကြဖို့ကိုလည်း မြို့တော်ပြုံယမ်းမှာ ကျင်းပနေတဲ့ ပါတီကွန်ဂရက်အတွင်း ထည့်သွင်းပြောဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
9 months Ago
Up