အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှု

October 27, 2020

ဂျပန်နှင့် အမေရိကန် အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဂျပန်နဲ့ အမေရိကန်တို့ရဲ့ ကြည်း၊ ရေ၊ လေ အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၂၆ ရက်မှာ စတင်ပါတယ်။ နှစ်နှစ် တစ်ကြိမ် လုပ်တဲ့ Keen Sword စစ်ရေးလေ့ကျင့်မှုထဲမှာ အမေရိကန်နဲ့ ဂျပန်က ဒါဇင်ချီတဲ့ စစ်သင်္ဘောတွေ၊ ရာချီတဲ့ လေယာဉ်တွေ ကြည်း၊ ရေနဲ့ ကမ်းတက်စစ်သည်တွေ ပါဝင်လေ့ကျင့်ပါတယ်။ ဒေသတွင်းမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတိုးလာချိန် အင်အားပြတဲ့လုပ်ရပ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ The Keen Sword စစ်ရေးလေ့ကျင့်မှုဟာ ဂျပန်ဝန်ကြီးချုပ်သစ် ယိုရှိဟိဒဲစုငါ့ အရင်လက ဝန်ကြီးချုပ် ဖြစ်လာအပြီး ပထမဆုံးလုပ်တဲ့ အကြီးစားလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။ အရှေ့တရုတ်ပင်လယ်ထဲက ဂျပန် ထိန်းချုပ်ထားတဲ့ ကျွန်းတွေကို သူတို့အပိုင်လို့ အခိုင်အမာပြောခဲ့တဲ့ တရုတ်ကို တုံ့ပြန်ဖို့ ရည်မှန်းပြီး စစ်ရေးအင်အား တည်ဆောက်တာတွေ ဆက်လုပ်မယ်လို့ သူက ကတိပြုထားပါတယ်။ နိုဝင်ဘာ ၅ ရက်ထိ လေ့ကျင့်မယ့် အစီအစဉ်ထဲမှာ ဆိုင်ဘာနဲ့ အီလက်ထရောနစ် စစ်ရေး သင်တန်းတွေလည်း ပထမဆုံးအနေနဲ့ ပါဝင်လာပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း တရုတ်စစ်တပ်က ထိုင်ဝမ်ကို နှောင့်ယှက်တာတွေ တောင်တရုတ်ပင်လယ်အတွင်း တရုတ် စစ်အင်အား တည်ဆောက်တာတွေနဲ့ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လှိုက်စားမယ့် လုံခြုံရေးဥပဒေသစ် အပါအဝင် ဂျပန်နဲ့ အမေရိကန်တို့က စိုးရိမ်တဲ့ အချက်တွေကို ဂျပန် ထိပ်တန်းစစ်ဦးစီးမှူး ခိုဂျိယာမာဇာ့ခိနဲ့ ဂျပန်အခြေစိုက် အမေရိကန် စစ်တပ်ရဲ့ စစ်ဦးစီးမှူး ကီဗင်ရှနိုက်ဒါတို့က ထောက်ပြခဲ့ပါတယ်။ တရုတ်ကတော့ ဒေသတွင်း သူ့ရည်ရွယ်ချက်က ငြိမ်းချမ်းဖို့ပဲလို့ ပြောဆို တုံ့ပြန်ခဲ့ပါတယ်။
2 years Ago
Up