အကြမ်းမဖက်အာခံခြင်းနည်း

February 4, 2021

မဟတ္တမဂန္ဒီ (သို့မဟုတ်) အကြမ်းမဖက်အာခံခြင်းနည်း (Civil Disobedience) နဲ့ လွတ်လပ်ရေးကို ရယူခဲ့သူ

အစိုးရဆိုးတွေရဲ့ “ ဥပဒေအမည်ခံ ” အမိန့်အာဏာတွေကို နိုင်ငံသားကောင်းတွေအနေနဲ့  ဖီဆန်ဖို့ အခွင့်အရေးရှိကြောင်း၊ ဒီလိုဖီဆန်ခြင်းဟာ နိုင်ငံသားကောင်းတိုင်းရဲ့ တာဝန် ဖြစ်ကြောင်း အမေရိကန် နိုင်ငံသား အတွေးအခေါ်ရှင် ဟင်နရီဒေးဗစ် သောရိုးက လက်တွေ့ရော စာပေအရေးအသားနဲ့ပါ  လူအများ သိအောင် လုပ်ခဲ့ပါတယ်။ ဒီလိုဖီဆန်တဲ့နည်းကို အကြမ်းမဖက်အာခံမှု (Civil Disobedience) လို့ အမည်ပေး ခဲ့ပါတယ်။ 

ဆရာကြီးသောရိုးရဲ့ အကြမ်းမဖက်အာခံမှုကို ကမ္ဘာကျော်အောင် ကျင့်သုံးခဲ့သူတစ်ဦးကတော့ အိန္ဒိယ နိုင်ငံရဲ့ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ဖြစ်ပါတယ်။ ဂန္ဒီကြီးဟာ မတရားတဲ့အစိုးရကို ပြည်သူလူထုအနေနဲ့ စုပေါင်းဆန့်ကျင်ခွင့်ရှိတယ်လို့ ယူဆပါတယ်။ ဒီအယူအဆကို လက်တွေ့ဖော်ဆောင်ပြီး  ကိုလိုနီ အင်္ဂလိပ်အစိုးရကို အိန္ဒိယနိုင်ငံအတွင်းမှ ထွက်ခွာသွားအောင် လုပ်နိုင်ခဲ့ပါတယ်။  လူထုအားကို သုံးပြီး အကြမ်းမဖက် ဆန့်ကျင်တဲ့ သူ့ရဲ့ နည်းလမ်းဟာ ယခုထက်တိုင် လူ့အခွင့်အရေးတိုက်ပွဲဝင်ရာမှာ အစွမ်းထက်မြက်တဲ့ လက်နက်တစ်ခု ဖြစ်နေပါသေးတယ်။

မဟတ္တမဂန္ဒီကို ၁၈၆၉ခုနှစ်မှာ ဟိန္ဒူလူမျိုးမိသားစုက မွေးဖွားပါတယ်။ သူ့ဖခင်က သူ့  မွေးရာ ဇာတိကို အုပ်ချုပ်သူဖြစ်တဲ့အတွက် ဂန္ဒီအဖို့ မတောင့်မတနေခဲ့ရတယ်။ ကျောင်းကောင်းကောင်းမှာ ပညာသင်ခဲ့ရတယ်။ အသက်၁၃နှစ်အရွယ်မှာပဲ ဟိန္ဒူထုံးတမ်းစဉ်လာအတိုင်း အိမ်ထောင် ပြုခဲ့တယ်။ ဒီအိမ်ထောင်နဲ့ သားလေး ယောက်ရရှိခဲ့ပါတယ်။ ဂန္ဒီဟာ ပညာရေးမှာ ထူးချွန်တဲ့ သူ မဟုတ်ပါဘူး။ တက္ကသိုလ်ဝင်တန်းကို မအောင်ဘဲ ကျရှုံးခဲ့ပါသေးတယ်။ အသက် ၁၈ နှစ်မှာ လန်ဒန်ကောလိပ်ကို ဥပဒေပညာသင်ဖို့ရောက်သွားပါတယ်။ ၄နှစ်ကြာ ပညာသင်ပြီးတဲ့ နောက်မှာ အိန္ဒိယကို ပြန်လာပါတယ်။ ဥပဒေပညာရှင်အဖြစ် ရပ်တည်ဖို့ကြိုး စားပေမယ့် မအောင်မြင်ပါဘူး။ အသက် ၂၄ နှစ် အရွယ် (၁၈၉၃ ခုနှစ်) မှာ အိန္ဒိယအမျိုးသားပိုင် ကုမ္ပဏီကြီး တစ်ခုက တစ်နှစ်စာချုပ်နဲ့ အလုပ်လုပ်ဖို့ခေါ်တဲ့အတွက် တောင်အာဖရိကကို ရောက်သွားပါတယ်။ ဒါဟာ ဂန္ဒီအတွက် ဘဝအလှည့်အပြောင်း ဖြစ်ပါတယ်။ တောင်အာဖရိကမှာ ရှိတဲ့ အင်္ဂလိပ်ကိုလိုနီ အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရရုံမက သူကိုယ်တိုင် ခံစားခဲ့ရလို့ ဖြစ်ပါတယ်။။

တောင်အာဖရိကမှာ အလုပ်လုပ်ရင်း တစ်ခါတော့ ဂန္ဒီဟာ ပထမတန်းလက်မှတ်နဲ့ ရထား စီးပါတယ်။ အဲဒီအချိန်က လူမည်းတွေနဲ့ အိန္ဒိယသားတွေကို ပထမတန်းက စီးခွင့်မပေးပါဘူး။ ဒါကြောင့် လက်မှတ်စစ်က သူ့ကို တတိယတန်းမှာပြောင်းစီးဖို့ ပြောပါတယ်။ ဂန္ဒီက ငြင်းဆန်တဲ့အခါ ရထားပေါ်ကနေ မောင်းချတာ ခံရပါတယ်။ နောက်တကြိမ်လည်း လူဖြူတစ်ယောက်ကို နေရာမဖယ်ပေးတဲ့အတွက် အရိုက်ခံရပါသေးတယ်။ တောင်အာဖရိကမှာ လူဖြူတွေကိုသာ တည်းခိုခွင့်ပြုတဲ့ ဟိုတယ်တွေ ရှိတာကြောင့် ဂန္ဒီဟာ ဟိုတယ်တွေ ကနေ ငြင်းပယ်ခံရတာလည်း အကြိမ်ကြိမ်ပါပဲ။ 

တောင်အာဖရိကတိုက်မှာ နေထိုင်တဲ့ အိန္ဒိယသားတွေကို ခွဲခြားဆက်ဆံရာမှာ အရေးအကြီးဆုံး အချက်ကတော့  နိုင်ငံသားအဖြစ် အသိအမှတ်အပြုမခံရတဲ့အတွက် မဲပေးခွင့်မရတဲ့ အချက်ပါပဲ။ ဒါကို  ဂန္ဒီက တိုက်ပွဲဝင်မယ်ဆိုပြီး တစ်နှစ်စာချုပ်ပြည့်ပေမယ့် တောင်အာဖရိကမှာပဲ ဆက်နေခဲ့ပါတယ်။ တောင်အာဖရိက မှာရှိတဲ့ အိန္ဒိယသားတွေနဲ့ပူးပေါင်းပြီး အိန္ဒိယကွန်ဂရက်အဖွဲ့ကို တည်ထောင်ပါတယ်။ မဲပေးခွင့်ရအောင် မလုပ်နိုင်ခဲ့ပေမယ့် အိန္ဒိယသားတွေအပေါ် ခွဲခြားဆက်ဆံတာတွေ၊  မတရားပြုမူတာတွေ၊ အိန္ဒိယသားများရဲ့ ဆင်းရဲဒုက္ခတွေကိုတော့ လူသိအောင် လုပ်နိုင်ခဲ့ပါတယ်။ သူ့လုပ်ရပ်တွေကို မကျေနပ်တဲ့ လူဖြူအုပ်စုတစ်စုက သူ့ ကို ဝိုင်းဝန်းတိုက်ခိုက်ပြီး လုပ်ကြံဖို့ကြိုးစားပါတယ်။ 

၁၉၀၆ ခုနှစ်မှာ တောင်အာဖရိကမှာနေတဲ့ အိန္ဒိယသားတွေကို မှတ်ပုံတင်ဖို့ အစိုးရက အမိန့် ထုတ်ပါ တယ်။ ဒါပေမဲ့ မဲထည့်နိုင်တဲ့ နိုင်ငံသားအဆင့်ကိုတော့ မပေးပါဘူး။ ခွဲခြားဆက်ဆံမှုတွေ၊ မတရား ဖိနှိပ်မှု တွေကိုလည်း မလျှော့ပါဘူး။ ဒါကို တုံ့ပြန်ဖို့အတွက် ဂန္ဒီဟာ ဂျိုဟန်နက်စဘတ်မြို့မှာ လူထုဆန္ဒပြပွဲကြီး တစ်ခုကို ဦးဆောင်ပြုလုပ်ပါတယ်။ ဒီဆန္ဒပြပွဲက စပြီး သူ့ရဲ့ ကမ္ဘာကျော် “သစ္စာဂရဟနည်း” ကို ကျင့်သုံး ပါတယ်။ သစ္စာဂရဟနည်းက အကြမ်းမဖက်ဘဲ ဆန့်ကျင်နည်းတစ်မျိုး ဖြစ်ပါတယ်။  အမှန်တရားကို အားကိုးတဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်ကို ဆန့်ကျင်တဲ့သူက ဘာပဲလုပ်လုပ် ကြမ်းကြမ်းတမ်းတမ်း မတုံ့ပြန်တဲ့နည်း ဖြစ်ပါတယ်။ 

တောင်အာဖရိကမှာ နေထိုင်ကြတဲ့ အိန္ဒိယသားတွေဟာ ဂန္ဒီရဲ့ဦးဆောင်မှုကို လိုက်ပြီး သစ္စာဂရဟ နည်းကို သုံးပါတယ်။ ကိုလိုနီအစိုးရကို ခုနစ်နှစ်ကြာ အာခံခဲ့ကြပါတယ်။ ဂန္ဒီအပါအဝင် လူပေါင်း ထောင်နဲ့ ချီပြီး ထောင်သွင်း အကျဉ်းချတာကို ခံခဲ့ကြရပါတယ်။ ထိုးကြိတ်ရိုက်နှက်တာတွေကို ခံခဲ့ကြရပါတယ်။ သေနတ်နဲ့ပစ်ခတ်တာကို ခံခဲ့ကြရပါတယ်။ အသေခံခဲ့ကြရပါတယ်။ အစိုးရအဖွဲ့ဟာ ဂန္ဒီတို့ကို နှိမ်နင်းနိုင်ခဲ့ပေမယ့် ပြည်သူလူထုရဲ့ ကဲ့ရဲ့ရှုတ်ချမှုကိုတော့ အကြီး အကျယ် ခံရပါတယ်။ နောက်ဆုံး မှာ ဂန္ဒီနဲ့ တွေ့ ဆုံပြီး ညှိနှိုင်းခဲ့ရပါတယ်။

၁၉၁၄ ခုနှစ်မှာ ဂန္ဒီဟာ အိန္ဒိယကို ပြန်လာခဲ့တယ်။ ဒီအချိန်မှာ သူ့အသက်က ၄၅ နှစ် ရှိနေပါပြီ။ တောင် အာဖရိကကို ကျောခိုင်းခဲ့ပေမယ့် မတရားတဲ့ အမိန့်ဥပဒေတွေနဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ ဘေးကတော့ မလွတ်နိုင်ခဲ့ပါဘူး။ ဖိနှိပ်အုပ်ချုပ်တဲ့ ကိုလိုနီအင်္ဂလိပ်အစိုးရက ဂန္ဒီကို အိန္ဒိယမှာ အသင့် စောင့်ကြိုနေ ပါတယ်။

အိန္ဒိယကို ရောက်တဲ့အခါမှာ ဂန္ဒီဟာ  ပထမဆုံးအလုပ်အနေနဲ့ သစ္စာဂရဟဝတ်ကျောင်းတော်တစ်ခုကို ထူထောင်ပါတယ်။ အဲဒီဝတ်ကျောင်းတော်မှာ ယောက်ကျားမိန်းမ ၂၅ ယောက် နေထိုင်ပါတယ်။ သူတို့ဟာ သစ္စာတရားကို ဦးထိပ်ထားကြတယ်။ အစားအသောက် အနေအထိုင်မှာ ခြိုးခြံကြပါတယ်။ ပုဂ္ဂလိက ပိုင်ဆိုင်မှု ဘာမှ မထားကြဘူး။  အကြမ်းမဖက်တဲ့ကျင့်စဉ်ကို ကျင့်သုံးနေထိုင်ကြတယ်။ သူတို့ရဲ့ တစ်ခုတည်းသော ပန်းတိုင်က အိန္ဒိယ နိုင်ငံသားများရဲ့အကျိုးကို ထမ်းဆောင်ရေးပဲ ဖြစ်တယ်။ 

ဒီရည်ရွယ်ချက်ဟာ ဂန္ဒီသက်ဝင် ယုံကြည်တဲ့ ဘာသာရေးကနေ ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဂန္ဒီရဲ့ မိခင်ဖြစ်သူဟာ ဘာသာရေးအလွန်ကိုင်းရှိုင်းတယ်။ သူတို့မိသားစုရဲ့ အစဉ်အလာဘာသာရေးက   ဗိသျှနူး ( ဗိဿနိုး) နတ်ဘုရားကို ကိုးကွယ်တဲ့ဘာသာရေးဖြစ်ပါ တယ်။ ဂန္ဒီရဲ့မိခင်ဟာ ဘာသာရေးကလွဲပြီး ဘာကိုမှ စိတ်မဝင်စားဘူး။ ဗိသျှနူးနတ်ဘုရားကို ပူဇော်တဲ့အလုပ်နဲ့ ဥပုသ်စောင့်တဲ့အလုပ်ကို အစဉ်မပြတ် ကျင့်ကြံ တယ်။ သူ့ရဲ့သားဖြစ်သူ ဂန္ဒီကိုလည်း သူ့နည်းတူ ဘာသာရေးကိုင်းရှိုင်းအောင် မွေးမြူပေးတယ်။ ဗိသျှနူး နတ်ဘုရားဟာ လောကကို စောင့်ရှောက်တဲ့ နတ်ဘုရားဖြစ်ပြီး ပဓာနတရား က အဟိံသ ဆိုတဲ့ အကြမ်းမဖက်ရေးဖြစ်ပါတယ်။ တစ်ဖက်သားက ဘာလုပ်လုပ် သည်းခံရတဲ့လမ်းစဉ် ဖြစ်ပါတယ်။ 

ဂန္ဒီကြီးဟာ ဘာသာရေးနဲ့ နိုင်ငံရေးလူမှုရေးကို တစ်သားတည်းဖြစ်အောင် ကြိုးပမ်းခဲ့ပါတယ်။ သူ့အဖို့သစ္စာတရားနဲ့ နေထိုင်ခြင်းဟာ ဘုရားသခင်နဲ့ နေထိုင်ခြင်းပါပဲ။ အဟိံသလမ်းစဉ်ကို လိုက်နာခြင်းဟာ ဘုရားလမ်းစဉ်ကို ကျင့်ကြံနေခြင်းပါပဲ။ ဒါကြောင့်  သစ္စာတရားသည် ဘုရားသခင်ဖြစ်သည်ဆိုတဲ့ ဆောင်ပုဒ် ကို  စွဲကိုင်ပြီး အဟိံသနည်းနဲ့ လူသားများရဲ့ လွတ်လပ်ရေးကို ရရှိအောင် ဦးဆောင်ရှေ့ရွက် ပြုနေ ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကို ဂန္ဒီပြန်ရောက်ပြီး မကြာခင် တချို့ဒေသတွေမှာ ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဘေးကြီး ဆိုက်ပါတယ်။ အငတ်ဘေးကြီး ဆိုက်နေတဲ့အချိန်မှာပဲ ကိုလိုနီ အင်္ဂလိပ်အစိုးရကလည်း အခွန်အတုပ်တွေကို တိုးမြှင့်လိုက်ပါတယ်။ ဒါဟာ တိုင်းသူပြည်သားတွေကို ဆင်းရဲတွင်းကြီးထဲ တွန်းချလိုက်ခြင်းလို့ ဂန္ဒီက မြင်ပါ တယ်။ ဒါကြောင့် အငတ်ဘေးဆိုက်တဲ့ဒေသတွေကို သွားပြီး အစာရေစာရအောင် ကူညီပါတယ်။ ပညာသင်နိုင်အောင် ကူညီပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုရအောင် ကူညီပါတယ်။

အင်္ဂလိပ်အစိုးရက တိုင်းပြည်မငြိမ်သက်အောင်လုပ်တယ်လို့ စွပ်စွဲပြီး ဂန္ဒီကြီးကို ဖမ်းပါတယ်။ ဒီအခါမှာ သိန်းနဲ့ချီတဲ့ ပြည်သူတွေက ဂန္ဒီကို လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။ ပြည်သူလူထုရဲ့အားကို မလွန်ဆန်နိုင်တဲ့ အတွက် အစိုးရကလည်း လွှတ်ပေးလိုက်ရပါတယ်။ ဒီအချိန်က စပြီး ပြည်သူလူထုက ဂန္ဒီကို မဟတ္တမဂန္ဒီ လို့ ခေါ်ကြပါတယ်။ ဒါက မဟာလူသားအဖြစ် ဂုဏ်ပြုခေါ်ဝေါ်တဲ့ အမည်ဖြစ်ပါတယ်။

ဒီနောက်မှာတော့ မဟတ္တမဂန္ဒီဟာ ကိုလိုနီအစိုးရနဲ့ မပူးပေါင်းဖို့ ဟောပြောပါတယ်။ အင်္ဂလိပ် ထုတ်ကုန် တွေကို မသုံးဘဲ ကိုယ့်ဖာသာယက်လုပ်တဲ့ အထည်တွေကိုသာ ဝတ်ဖို့ စည်းရုံး လှုံ့ ဆော်ပါတယ်။ သူကိုယ်တိုင် လည်း သူ့ဖာသာယက်တဲ့ အထည်ကိုသာ ဝတ်ပြပါတယ်။ နံပိုင်း ငယ်ကလေးဝတ်ဆင်ထားပြီး ဗိုင်းငင်နေတဲ့ ဂန္ဒီရဲ့ရုပ်ပုံဟာ လွတ်လပ်ရေးကို ငတ်မွတ်ဆာ လောင်နေတဲ့ အိန္ဒိယနိုင်ငံသားများအတွက် မျှော်လင့်ချက် ဖြစ် လာပါတယ်။ လွတ်လပ် ရေး တိုက်ပွဲအတွင်းကို အမျိုးသမီးအများအပြား ပါဝင်လာအောင်လည်း ဆွဲဆောင် နိုင်ခဲ့ပါတယ်။ 

ဂန္ဒီဟာ အင်္ဂလိပ် အဝတ်အထည်များကို သပိတ်မှောက်ဖို့သာမက အင်္ဂလိပ်အစိုးရနဲ့ မပူးပေါင်းဖို့ ၊ အစိုးရ ဝန်ထမ်းများအဖြစ်က နုတ်ထွက်ကြဖို့၊ အင်္ဂလိပ်အစိုးရက အပ်နှင်းချီးမြှင့်ထားတဲ့ ဘွဲ့ထူးဂုဏ်ထူး တွေကို ပြန်ပေးဖို့ စည်းရုံးဟောပြောပါတယ်။ ဒီလှုပ်ရှားမှုအတွက် ဂန္ဒီကြီးဟာ ထောင် ၆ နှစ် ပြစ်ဒဏ်ချတာ ခံခဲ့ရ တယ်။

ဂန္ဒီကြီးရဲ့လူသိများတဲ့ လှုပ်ရှားမှုတစ်ခုကတော့ ၁၉၃၀ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆားခွန်မပေးရေး ဆန္ဒပြ ချီတက်ပွဲကြီးဖြစ်ပါတယ်။ ဂန္ဒီကြီးနဲ့အတူ လူထောင်သောင်းများစွာဟာ ပင်လယ်ရေကနေ ကိုယ့်ဘာသာ ဆားချက်မယ်ဆိုပြီး ကီလိုမီတာလေးရာ ခရီးကို ချီတက်ကြပါတယ်။ ဒီချီတက်ပွဲမှာ လူပေါင်း    ၆ သောင်း ကျော် အဖမ်းခံခဲ့ရပါတယ်။ 

မဟတ္တမဂန္ဒီဟာ လွတ်လပ်ရေးအတွက် ထောင်အကြိမ်ကြိမ်ကျခဲ့ရသလို လုပ်ကြံမှုတွေကိုလည်း ခံခဲ့ရ ပါတယ်။ ဒီလိုဒုက္ခတွေကို ကြံ့ကြံ့ခံရင်း တိုက်ပွဲဝင်ခဲ့တဲ့အတွက်  အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ်မှာ လွတ်လပ် ရေးရခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံကနေ ပါကစ္စတန်နိုင်ငံ ခွဲထွက်သွားတဲ့အတွက်  ဂန္ဒီကြီးဟာ အလွန် စိတ်ထိခိုက် ခဲ့ရပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ ဟိန္ဒူမွတ်စလင် ချစ်ကြည် ရေးအတွက်  အားသွန်ကြိုးပမ်းပါတယ်။ သို့ပေမဲ့ ၁၉၄၈ ၊ ဇန္နဝါရီ ၃၀ရက်နေ့မှာ ဝတ်ပြုဆုတောင်းဖို့ ဘုရား ကျောင်းကို အသွား ဟိန္ဒူအယူသည်းသမားတစ်ယောက်ရဲ့ လုပ်ကြံမှုကြောင့် ကွယ်လွန် သွားခဲ့ရပါတယ်။

ဂန္ဒီကြီးကွယ်လွန်သွားတဲ့အခါ ဂျဝါဟာလာနေရူးက တိုင်းပြည်ကို မိန့်ခွန်း ပြောကြားပါတယ်။

“အိုး မိတ်ဆွေအပေါင်းအသင်းများနှင့် ရဲဘော်ရဲဘက်များခင်ဗျား၊ ကျနော်တို့ ဘဝထဲက အလင်းရောင်ကြီး ကွယ်ပျောက်သွားပါပြီ။  နေရာတကာမှာ အမှောင်ထုကြီး ဖုံးလွှမ်းသွားပါပြီ။ ကျနော်တို့ အလွန်တရာလေးစားကြည်ညိုရတဲ့ ခေါင်းဆောင်ကြီး၊ ကျနော်တို့အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီးဟာ  အခု မရှိတော့ပါဘူး”  

လွတ်လပ်စွာရှင်သန်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို အိန္ဒိယနိုင်ငံသားများ ရရှိ ခံစားနိုင်အောင် ကြိုးပမ်းသွားတဲ့ ဂန္ဒီကြီးဟာ အိန္ဒိယနိုင်ငံအတွက်သာ အလင်းရောင် မဟုတ်ပါဘူး။ လူသားအားလုံးအတွက် လမ်းပြ ရှေ့ဆောင် မီးရှူးတန်ဆောင်အဖြစ် အသိ အမှတ်ပြုရမယ့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးပါ။ ဂန္ဒီကြီးဟာ လူမျိုး တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံလောက်အတွက်သာ အလုပ် လုပ်ခဲ့သူ မဟုတ်ပါဘူး။ လူသားလောကကြီး တစ်ခုလုံး အတွက် အလုပ်လုပ်နေခဲ့သူ ဖြစ်တယ်။ 

လွတ်လပ်ရေးကို ရဖို့ အတွက် သစ္စာတရားကို မဏ္ဍိုင်ထားပြီး အကြမ်းမဖက်ရေး အဟိံသလမ်းစဉ် အတိုင်း ကျင့်ကြံကြပါ လို့ ဂန္ဒီကြီးက လမ်းညွှန်ဟောပြောခဲ့တာဟာ  လူသားလောကကြီးတစ်ခုလုံးအတွက် ပြောခဲ့ တာပါ။   မျက်လုံးတစ်လုံး အဖောက်ခံရအတွက် တခြားလူတစ်ယောက်ရဲ့ မျက်လုံးတစ်လုံးကို ပြန်ဖောက်မယ်ဆိုရင် လူ့လောကကြီးဟာ အကန်းလောကကြီး ဖြစ်သွားမယ်လို့   ဂန္ဒီကြီးက သတိပေးစကား ပြောကြားခဲ့တာဟာ အကြမ်းဖက်မှုတွေပြည့်နေတဲ့ လက်ရှိကမ္ဘာကြီးအတွင်း နေထိုင်သူများအတွက်လည်း အထူးအရေးကြီးနေပါသေးတယ်။ အကြမ်းမဖက်တဲ့နည်းလမ်းကသာ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ဖန်တီး ပေးမယ် ဆိုတာ ဂန္ဒီကြီးက ဘဝနဲ့ရင်းပြီး သက်သေပြခဲ့တာပါ။            ။

မောင်သာမည

10 months Ago
Up