တရားဝင်အစိုးရဖြုတ်ချခံရလို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြတဲ့ အရပ်သားပြည်သူလူထုတွေကို အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ဖို့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တောင်းဆိုလိုက်ပါတယ်။
နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းလှုပ်ရှားတက်ကြွသူတွေ၊ သတင်းသမားတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းနေတာကို ပြတ်ပြတ်သားသားအတိအလင်း ကန့်ကွက်ရှုတ်ချတယ်လို့လည်း သံအမတ်ကြီးတွေက ပြောပါတယ်။
စစ်တပ်က ဆက်သွယ်ရေးစနစ်ကို ကြားဖြတ်နှောင့်ယှက်တာ၊ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေနဲ့ ဥပဒေအရအကာအကွယ်ပေးထားတဲ့ အခြေခံအခွင့်အရေးတွေကို ချုပ်ချယ်ကန့်သတ်တာအတွက်လည်း လူသိရှင်ကြားကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုကို ရှာဖွေနေကြတဲ့ မြန်မာပြည်သူလူထုကို ထောက်ခံအားပေးနေပြီး တစ်ကမ္ဘာလုံးကလည်းစောင့်ကြည့်နေတယ်လို့ သံအမတ်ကြီးတွေရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီကြေညာချက်ကို အမေရိကန်၊ ယူကေ၊ ကနေဒါ၊ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ နော်ဝေနဲ့ ဆွစ်ဇာလန် နိုင်ငံတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေက ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ပြည်သူတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့်တက်လာနေပြီး စစ်အစိုးရကလည်း ဖမ်းဆီးမှုတွေ ပိုမိုတိုးမြှင့် ပြုလုပ်လာနေသလို ဒီကနေ့ညပိုင်း ရန်ကုန်မှာ စစ်တပ်က တင့်ကားတွေနဲ့ လှည့်လည်အင်အားပြတာတွေလည်း ပြုလုပ်နေပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ မြန်မာပြည်သူလူထုကို အကြမ်း မဖက်ဖို့နဲ့ ပိတ်ပင်တားဆီးတာတွေ မလုပ်ဖို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Ine Eriksen Søreide က မြန်မာစစ်တပ်ကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ အရှိန်မြှင့်တက်နေတဲ့ အခြေအနေကို ကျမ သိပ်ကိုစိုးရိမ်ပါတယ်၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ စုဝေးခွင့် အခွင့်အရေးအရ လုပ်ဆောင်နေတဲ့ ပြည်သူတွေအပေါ် စစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေလုပ်ဆောင်တာနဲ့ ပိတ်ပင်ကန့်သတ်မှုတွေလုပ်တာကို ရှောင်ကြဉ်ဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ နော်ဝေနိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန်တောင်းဆိုပါတယ်။” လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
နော်ဝေနိုင်ငံအစိုးရအနေနဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ရှင်းရှင်းလင်းလင်း ပြစ်တင်ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီနည်းကျ တရားဝင် ရွေးကောက်တင်မြှောက်ခံရတဲ့ နိုင်ငံရေးသမားတွ၊ သတင်းသမားတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းဝင်တွေကို ချက်ချင်းလွှတ်ပေးဖို့လည်း မနေ့က ထုတ်ပြန်တောင်းဆိုပါတယ်။
စစ်တပ်အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့၊ အစိုးရပြန်လည်ဖွဲ့စည်းဖို့နဲ့ ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာဖို့လည်းတိုက်တွန်းပြောပါတယ်။
အခုအခါ နော်ဝေ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွေနဲ့ မြန်မာနိုင်ငံနဲ့ ဆောင်ရွက်တဲ့ကိစ္စတွေကိုလည်း ပြန်သုံးသပ်နေပြီလို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။