အကြမ်းဖက် ဖမ်းဆီးမှု

October 19, 2021

ဝက်လက်မြို့နယ်တွင် ပြည်သူ ၂ ဦးကို ရဲက အကြမ်းဖက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်က ပြည်သူတယောက်နဲ့  ပင်းဇင်းကျေးရွာက လက်တဖက်သာရှိတဲ့ မသန်စွမ်း ပြည်သူတယောက်ကို  အောက်တိုဘာ ၁၇ ရက် ညပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ညက သူ့အိမ်ရှေ့က တံတားပေါ်မှာ ဖုန်းပြောနေတဲ့ ကိုဖိုးဆွေကို။ တာဝါတိုင် လာကြည့်တဲ့ ရဲတွေက ဖမ်းသွားကြတယ်။ သူက လက်တဖက်ပဲ ပါတယ်၊ သူ့ကို ပါးတွေရော နားတွေရော ရိုက်နှက်တယ်၊ ကားပေါ်တင်တာတောင် ကန်လိမ့်ပြီးတင်တာ” လို့ ပင်းဇင်းရွာသားတစ်ဦးက ပြောပါတယ်။

ဝက်လက်မြို့အမှတ် ၃ ရပ်ကွက်က ကိုကျော်စွာဝင်းကိုတော့ သူ့လယ်ယာသို့ သွားစဉ် ဖမ်းဆီးခံရတာလို့ သိရပါတယ်။

ကိုကျော်စွာဝင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာ လမ်းကြောင်းမှာ ထိန်းသိမ်း စောင့်ရှောက်ပေးသူတစ်ဦးဖြစ်လို့  ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။

ပင်းဇင်းရွာသား ကိုဖိုးဆွေကတော့ နွားစာစဉ်းစက်နောက်လိုက်စဉ်က လက်တဖက် ပြတ်ထားလို့ အခုအချိန်လုပ်ကိုင်စားသောက်ဖို့တောင် အခက်အခဲဖြစ်နေသူ ဖြစ်ပါတယ်။

1 year Ago

February 20, 2021

အကြမ်းဖက် ဖမ်းဆီးမှုများရှိသော်လည်း မြစ်ကြီးနားပြည်သူသိန်းချီ ဆက်လက်ဆန္ဒပြ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းဖမ်းဆီးမှုတွေ ရှိနေပေမယ့် ဒီနေ့မနက်ပိုင်းက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြည်သူ သိန်းချီ လမ်းလျှောက်ဆန္ဒထုတ်ဖော်တာ၊ ဆိုင်ကယ်တွေနဲ့ စီတန်းလှည့်လည်တာတွေ  ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲ ဝန်းရံသူတဦးက “ဆန္ဒပြ ဆိုင်ကယ်အင်အားကတော့ သုံးထောင်ကျော်လောက် ရှိတယ်။ ဆိုင်ကယ်တွေနဲ့ သွားရင်း လာရောက်ပူးပေါင်းကြတာ” လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်သူတွေအနေနဲ့ မြစ်ကြီးနားမြို့အတွင်းမှာ ရဲ၊ စစ်တပ်တွေ ချထားတဲ့ နေရာတော်တော်များများကို ရှောင်ကွင်းပြီး ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ကြတာပါ။

မွန်းတည့် ၁၂ နာရီလောက်မှာတော့ ဆွမ်ပရာဘွမ်လမ်းနဲ့ ဆမားလမ်းရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းဘက်ကို ဆန္ဒထုတ်ဖော်သူတွေ လာရောက်တဲ့အခါမှာတော့  ရဲ၊ စစ်တပ်တို့နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာတွေရှိပြီး ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)က လာရောက်ညှိနှိုင်း လူစုခွဲခဲ့ရပါတယ်။

ဆန္ဒထုတ်ဖော်သူတွေနဲ့ ထိုင်သပိတ် ဆင်နွှဲသူတွေကို ပြီးခဲ့နေ့တွေက အကြမ်းဖက် နှိမ်နင်းဖမ်းဆီးခဲ့တာ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ညနေပိုင်းတွေမှာ ပြန်လွှတ်ပေးခဲ့ကာ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ မန္တလေးကျောင်းတိုက် ဒုတိယကျောင်းထိုင်ဆရာတော် ဦးပညာဝံသကတော့ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

2 years Ago
Up