အကြမ်းဖက်ဝါဒစွဲချက်

September 2, 2020

‘ဟိုတယ်ရဝမ်ဒါ’သရုပ်ဆောင် ပေါလ်ရူဆေဆာဘာဂျိနာ အကြမ်းဖက်ဝါဒစွဲချက်ဖြင့် ဖမ်းဆီးခံရ

၁၉၉၄ ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုအကြောင်း ရိုက်ကူးထားတဲ့ ဟောလိဝုဒ် ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့  ပေါလ်ရူဆေဆာဘာဂျိနာကို အကြမ်းဖက်ဝါဒ စွဲချက်တွေနဲ့ သြဂုတ် ၃၁ ရက်မှာ ဖမ်းဆီးလိုက်ပြီလို့ ရဝမ်ဒါ အစိုးရက ပြောပါတယ်။ ရူဆေဆာဘာဂျိနာဟာ အော်စကာဆု လျာထားခံရတဲ့ရုပ်ရှင် ‘ဟိုတယ်ရဝမ်ဒါ’ထဲမှာ ဟိုတယ်မန်နေဂျာအဖြစ် သရုပ်ဆောင်ခဲ့သူပါ။ လူသတ်သမားတွေဆီက ထွက်ပြေးတဲ့ တွစ်ဆီ လူမျိုးတွေကို ကာကွယ်ဖို့ ဟူတူ ရေပေါ်ဆီလူတန်းစားနဲ့ ဆက်သွယ်ရတဲ့ ဇာတ်ကွက်တွေကို သရုပ်ဆောင်ခဲ့ပါတယ်။ အသက် ၆၆နှစ် အရွယ် ရူဆေဆာဘာဂျိနာကို ရဲတွေက ရဝမ်ဒါ စုံစမ်းစစ်ဆေးရေး ဗျူရိုဗဟိုဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို လက်ထိတ်ခတ်လျက်သားနဲ့ သြဂုတ် ၃၁ ရက်မှာ ခေါ်လာခဲ့ပြီး မီဒီယာတွေက သူ့ကို ဓာတ်ပုံနဲ့ ရုပ်သံ ရိုက်ယူတာကို ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ သူက မီဒီယာကို စကားမပြောခဲ့ပါဘူး။ သူဟာ ရဝမ်ဒါနိုင်ငံတွင်း သားပုပ်လေလွင့် စွပ်စွဲပုတ်ခတ်မှုရဲ့ ဓားစာခံ ဖြစ်တယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။ သူဟာ လက်ရှိမှာ သမ္မတ ပေါလ်ခါဂါမေကို ဝေဖန်သူပါ။ ၂၀၀၅ ခုနှစ်မှာ အမေရိကန်ရဲ့ အရပ်သားတွေကို ပေးတဲ့အမြင့်ဆုံးဆုဖြစ်တဲ့ သမ္မတရဲ့ လွတ်လပ်ခြင်း ဆုတံဆိပ်ကို ရအပြီး ကမ္ဘာတဝန်းက အသိအမှတ်ပြုမှုကို ရအပြီးမှာ နိုင်ငံခြားကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အမိမြေကို ပြန်အရောက်မှာ နောက်တကြိမ် လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်နိုင်တယ်လို့ သတိပေးခဲ့လို့ ဆိုးဆိုးရွားရွား စိတ်ဆိုးခံခဲ့ရပါတယ်။ ၁၉၉၄ ဧပြီ ၆ ရက်က စတဲ့ အလယ်အာဖရိကနိုင်ငံ ရဝမ်ဒါက လူမျိုးတုံး သတ်ဖြတ်မှုမှာ ရက် ၁၀၀ အတွင်း တွစ်စီလူမျိုးတွေနဲ့ ဘက်မလိုက် ဟူတူလူမျိုးတွေ အယောက် ၈ သိန်း အသတ်ခံခဲ့ရပါတယ်။ လက်ရှိသမ္မတ ခါဂါမေ ဦးဆောင်တဲ့ တွစ်စီသူပုန်တွေက အခြေအနေကို ထိန်းချုပ်အပြီး ဟူတူ လူမျိုး ၂ သန်းကျော် နိုင်ငံထဲကနေ အစုလိုက်အပြုံလိုက် ထွက်ပြေးအပြီး သတ်ဖြတ်မှု အဆုံးသတ်ခဲ့ပါတယ်။
1 year Ago
Up