နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်က အခုလမှာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဥပဒေတွေကို တင်းကျပ်ရေး ဥပဒေပြဋ္ဌာန်းဖို့ စက်တင်ဘာ ၄ ရက် စနေနေ့မှာ ကတိပြုပြောကြားလိုက်ပါတယ်။
လွှတ်တော်ပြန်စတာနဲ့ ဒီဥပဒေကို အမြန်ဆုံးအတည်ပြုနိုင်ဖို့ကြိုးစားနေပြီး ဒီလကုန်ထက်နောက်မကျစေဖို့ ကတိပြုပါတယ်လို့ ဝန်ကြီးချုပ်အာဒန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နယူးဇီလန်နိုင်ငံမှာ အစွန်းရောက်တစ်ဦးက စူပါမားကတ်တခုမှာ ဓားနဲ့ထိုးလို့ လူခုနစ်ဦး ဒဏ်ရာရခဲ့ပြီးနောက်မှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဒီလူဟာ ၃ နှစ်လောက် ပြစ်ဒဏ်ကျခံနေရာက ဇူလိုင်လမှာ ပြန်လွတ်လာခဲ့တာဖြစ်ပါတယ်၊ စက်တင်ဘာ ၃ ရက်နေ့က ဓားထိုးမှု ကျူးလွန်တဲ့ ဒီလူဟာ အစ္စလာမ္မစ် နိုင်ငံတော်စစ်သွေးကြွအဖွဲ့ကနေ လှုံ့ဆော်ခထားရပြီး အမြဲမပြတ် စောင့်ကြည့်ခံနေရပေမဲ့ ဥပဒေအရ ထောင်ထဲမှာ ကြာကြာထည့်ထားလို့တော့ မရခဲ့ဘူးလို့ အာဒန်က အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ဒီလူဟာ နယူးဇီလန်ကို ၂၀၁၁ ခုနှစ်က ရောက်ရှိလာခဲ့ပြီး သူ့မှာ အစွန်းရောက်အမြင်တွေ ရှိနေမယ်ဆိုတာ မသိခဲ့ဘူးလို့ ဆိုပါတယ်။
ဖေ့စ်ဘွတ်ခ်မှာ သူတင်ခဲ့တဲ့ပို့စ်တွေနဲ့ပတ်သက်ပြီး ၂၀၁၆ မှာ ရဲက သူ့ကို ပထမဆုံး အာရုံစိုက်မိခဲ့တာပါ။
နောက်ပိုင်း သူ့ကို ဆီးရီးယားကို ခရီးသွားနေတယ်လို့ ယူဆခဲ့တဲ့ အာဏာပိုင်တွေက အော့ခ်လန်လေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး ၂၀၁၈ ခုနှစ် ဩဂတ်လမှာတော့ ကန့်ကွက်ဖွယ်ပစ္စည်း လက်ဝယ်ရှိမှု၊ လက်နက်တွေ ပိုင်ဆိုင်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။
ဝန်ကြီးချုပ်အာဒန်ဟာ ဒီအကြမ်းဖက်သမားကို ပြည်နှင်ဒဏ်ပေးချင်ပေမယ့်လည်း suppression order တရားရုံးအမိန့်ကြောင့် မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဝေဖန်သူတွေကတော့ ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းဟာ အကြမ်းဖက်တိုက်ခိုက်မှုကို ဦးတည်စေနိုင်တဲ့ စီမံကိန်းနဲ့ ပြင်ဆင်မှုတွေကို ရာဇဝတ်မှုသင့်စေပြီး ကြံစည်သူတွေကို လွတ်လွတ်လပ်လပ် နေခွင့်ပေးထားတဲ့ ဂယ်ပေါက်တခုဖြစ်စေနိုင်တယ်လို့ ပြောကြပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ်ကတော့ ပိုတင်းကျပ်လိုက်တဲ့ ဥပဒေက အခုကိစ္စမှာ ခြားနားချက်တစ်ခု ဖြစ်သွားမယ်လို့ ယူဆတာကတော့ မတရားဘူးလို့ ပြောပါတယ်။