အကြမ်းဖက်ဖြိုခွဲ

March 2, 2021

ပခုက္ကူတွင် ဆန္ဒပြသူများကို ရဲနှင့်စစ်တပ်က မျက်ရည်ယိုဗုံး၊ အသံဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်း

ပခုက္ကူမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို မတ်လ ၂ ရက်နေ့မှာ ရဲနဲ့ စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့ပေမဲ့ ရပ်ကွက်အလိုက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးခံရသူမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပင်မသပိတ် စစ်ကြောင်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲ  ဖြိုခွင်းတာတွေရှိခဲ့ပါတယ်။ ပင်မစစ်ကြောင်း အပြင် ရပ်ကွက်တွေမှာလည်း ရပ်ကွက်တွင်း စီတန်း ဆန္ဒထုတ်ဖော်မှုတွေရှိခဲ့ပါတယ်။

၁၄ လမ်း မြိုင်လမ်းထိပ်မှာ ရဲနဲ့စစ်တပ်က ပိတ်ဆို့ပြီး မျက်ရည်ယိုဗုံး ၅ လုံး ပစ်ဖောက် လူစုခွဲခဲ့တယ်လို့ အခင်းဖြစ်ပွားရာနေရာက ဒေသခံတစ်ဦးကပြောပါတယ်။

“မျက်ရည်ယိုဗုံးတွေနဲ့လည်း ပစ်တယ်။ မြိုင်လမ်း ၁၄လမ်းမှာ။ ဒါပေမဲ့ မိသွားတာမရှိဘူး။ သပိတ်စစ်ကြောင်း ၂၀၀ ကျော်လောက်က အများစစ်ကြောင်းပေါ့။ ရပ်ကွက်တွေက သူ့ရပ်ကွက်နဲ့ သူ ထုတ်ဖော်တာက ရပ်ကွက်တိုင်းမှာ လုပ်တယ်။ ကမ်ပိန်းတွေလည်း လုပ်တယ်၊။ မင်းအောင်လှိုင် ပုံတွေကို ဆေးမှုတ်ပြီး လမ်းပေါ်မှာ ထားတယ်။ ရပ်ကွက်တွေမှာ စလုပ်ကတည်းက အစောင့်တွေ ထားပြီးတော့ လုပ်တာ။ စောင့်ကြည့်ပြီးမှ လုပ်တာပေါ့။ သူတို့နဲ့ ထိပ်တိုက်အတွေ့မခံကြဘူး”လို့  ဆန္ဒဖော်ထုတ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေက စစ်ကား၊ ရဲကားတွေ မဝင်ရောက်စေနိုင်ဖို့ အုတ်ခဲ၊ သစ်တုံးတွေနဲ့ တားဆီးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပခုက္ကူမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုကို လူအင်အားအများအပြားနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး မတ်လ ၂ ရက်နေ့မှာတော့ ၂၃ ရက်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၂၇ ရက်နေ့ က ပခုက္ကူမြို့မှာ လက်နက်အင်အားသုံး လူစုခွဲ ဖြိုခွင်းမှုတွေကို စတင်လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ၂၈ ရက်နေ့မှာတော့ သေနတ်ကျည်ထိမှန်ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

9 months Ago

February 27, 2021

မြိတ်မြို့တွင် ရဲနှင့်စစ်တပ်ပေါင်းပြီး ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲ

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဒီနေ့မနက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို ရဲနဲ့ စစ်တပ် ပူးပေါင်းပြီး အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ တောင်းဆိုချီတက်နေတဲ့ ပြည်သူတွေကို ရဲကားနဲ့ စစ်ကားတွေ ရောက်လာပြီး လူစုလူဝေးဖြိုခွင်းမှု အဆင့်ဆင့်တိုင်း ဆောင်ရွက်တာမျိုး မရှိခဲ့ဘဲ အကြမ်းဖက်ဝင်ရောက် ရိုက်နှက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် လူစုကွဲသွားပြီးတဲ့နောက် နေအိမ်တွေထဲကနေ အားပေးနေသူတွေကိုပါ ဝင်ရောက် ရိုက်နှက်မှုတွေရှိခဲ့သလို လမ်းသွားလမ်းလာ တချို့ကိုလည်း ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားမှုတွေ ရှိခဲ့ပါတယ်။

အခုလို အကြမ်းဖက်နှိမ်နှင်းမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး သပိတ်စစ်ကြောင်းကို ဖြိုခွင်းတဲ့ ရည်ရွယ်ချက်မျိုး မဟုတ်တော့ပဲ လမ်းသွားလမ်းလာတွေအားလုံးကိုပါ ရိုက်နှက်ဖမ်းဆီးတဲ့အတွက် မြိတ်မြို့ပြည်သူတွေအနေနဲ့လည်း စိုးရိမ်နေကြရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သပိတ်စစ်ကြောင်း စတင်ထွက်ခွာတဲ့ မြိတ်မြို့ ရေကန်ဘောင်အနီးမှာ ရပ်နားထားခဲ့တဲ့ ဆိုင်ကယ်တွေအားလုံးကိုလည်း စစ်ကားတွေနဲ့ လာရောက် ယူဆောင်သွားကြပါတယ်။ 

ဒီနေ့ ဖြိုခွင်းခံရတဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေနဲ့ အားပေးဝန်းရံသူတွေ ဘေးနားက ရပ်ကြည့်နေသူအချို့ ဖမ်းဆီးခံခဲ့ရတာရှိပြီး အရေအတွက် အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ကာ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရနိုင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အောင်ကျော်

9 months Ago
Up