မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၂၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၅၇၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၄ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၅၂၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၀၃၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၆၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၇ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၀၆ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အုတ်ဖိုကျေးရွာက ရွာသား ၉ ယောက်ဟာ အုတ်ဖိုကျေးရွာနဲ့ အိုင်ရှည်ကျေးရွာကြားက ယောဂီကျောင်းမှာ စစ်ဘေးရှောင်နေကြချိန် မေ ၂ ရက်ညနေ ၆ နာရီလောက်မှာ စစ်သားတွေရောက် ရှိလာပြီး အဆိုပါ ရွာသား ၉ ယောက်ရဲ့ ဦးခေါင်းကို သေနတ်နဲ့တေ့ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ သတ်ဖြတ်ခြင်းခံရတဲ့ ရွာသား ၉ ယောက်ကတော့ ဦးဘိုတင်၊ ဦးဖိုးစိတ်၊ ဦးခင်ဆောင်၊ ဦးစိုး၊ ဦးနီ၊ ဦးဗေဒါ၊ ဦးကျော်မျိုး ထွန်း၊ မမိုးမိုးနဲ့ ဦးဝင်းမောင်တို့ ဖြစ်ကြပါတယ်။
ဒါ့အပြင် မေ ၂ ရက်မှာပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိတ်ခွန်ကျေးရွာအနီးမှာ ဆိုင်ကယ်စီးလာတဲ့ အရပ်သားတယောက်ဖြစ်တဲ့ ကိုရှိုင်းထူးအောင်ကို စစ်သားတွေက ဆိုင်ကယ်ကိုရပ်မပေးဘဲ လှည့်ပြေးတယ်ဆိုကာ ပစ်သတ်ခဲ့ကြောင်း သိရှိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဧပြီ ၂၈ ရက်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတယောက် ကျည်ထိမှန်သေဆုံးခဲ့ပြီး တယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့ ညနေ ၃ နာရီခွဲခန့်လောက်က ယင်းမာပင်မြို့ဘက်ကနေ ကျားတက်ကျေးရွာဘက်ကို စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လမ်းသွားလမ်းလာပြည်သူတချို့ကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ မန်းကျည်းကန်ကျေးရွာက ပြည်သူတယောက် ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် သရက်ကန်ကျေးရွာပြည်သူတယောက်ကတော့ ပေါင်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီနေ့လယ် ၂ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ မင်းကံကြီးအုပ်စု တမာပင်ခွကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တမာပင်ခွကျေးရွာ ကံစွယ်ကျောင်းတိုက်အတွင်း တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲက ထွက်ခွာလာစဥ် လမ်းခုလပ်တနေရာအရောက် PDF အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အပြန်အလှန်ပစ်ခတ်မှု ကြာမြင့်ချိန် ၁ နာရီဝန်းကျင်ခန့်ရှိကာ နှစ်ဘက်ထိခိုက်မှု အခြေအနေကို မသိရသေးဘူးလို့ ဒေါင်းမင်း PDF ခေါင်းဆောင် ဗိုလ်စက္ကက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ သီးကုန်းကျေးရွာက ပြည်သူတွေရဲ့နေအိမ်တွေ မီးရှို့ခဲ့ကြပြီး မီးလောင်ဆုံးရှုံးမှုများနိုင်ပေမယ့် အရေအတွက်မသိရသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အား ၈၀ လောက်နဲ့ ဧပြီ ၂၆ ရက်က တမာပင်ခွကျေးရွာ ကံစွယ်ကျောင်းတိုက်အတွင်းကို တပ်စွဲနေထိုင်ခဲ့တာဖြစ်ပြီး အဲဒီနေ့ ညနေပိုင်းကလည်း တမာပင်ခွကျေးရွာက နေအိမ် ၁ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာလည်း စစ်ကောင်စီတပ်သားတွေဟာ မြို့နယ်ထဲကကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေပါတယ်။
မနေ့ကလည်း ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေက ကိုကျင့်ဆုမ်းကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လက်ရှိ ကလေးမြို့နယ်တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ ကလေး PDF တပ်ဖွဲ့ဝင် တယောာက်က ပြောပါတယ်။
လတ်တလော ကလေးမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေဖြစ်နိုင်တာကြောင့် ဒေသခံတွေအနေနဲ့ ကလေး-ဂန့်ဂေါလမ်းပိုင်းကို ခရီးသွားလာတာမလုပ်ဖို့ ကလေး PDF က အသိပေးထုတ်ပြန်ထားပါတယ်။
ခရီးသွားလာတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကလေး PDF က တာဝန်ယူ ဖြေရှင်းသွားမှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။