မြင်းခြံမြို့မှာ မတ်လ ၁၅ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်စစ်တပ်နဲ့ရဲက ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းရာမှာ ကျည်ထိမှန်ပြီး ဆေးကုသနေသူ ၁ ဦး ဒီကနေ့ ကျဆုံးသွားတယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိုအောင်ကိုကိုခန့်ဟာ မျက်နှာကို ကျည်ထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာရကာ ဒီနေ့ နေ့လယ်ပိုင်းမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် မတ်လ ၁၅ ရက်နေ့က မြင်းခြံမြို့မှာ ဆန္ဒပြပြည်သူ ၆ ယောက် ကျဆုံးခဲ့ပြီး ဒီနေ့အချိန်ထိ ၉ ယောက် ကျဆုံးခဲ့ပါတယ်။
DVB
မန္တလေးတိုင်း မလှိုင်မြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ကျည်အစစ်နဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသား ၁ ဦး လည်ပင်းမှာ ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“မလှိူင်လမ်းဆုံမီးပွိုင့်နားမှာ အရပ်သား ၂ ဦးကို ဖမ်းဆီးသွားတယ်၊ ဖမ်းသွားသူကို ပြန်လွှတ်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုတယ်၊ ကျောင်းသား ၂ ဦးကိုထပ်ဖမ်းတယ်။ အဲဒီလူတွေ ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့မှာ ဒူးထောက် လက်မြှောက်ပြီး တောင်းဆိုရာက မျက်ရည်ယိုဗုံးတွေ ကျည်အစစ်တွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းတယ်။ အသက် ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦး လည်ပင်းမှန်သွားတယ် အခြေအနေတော့ မသိရသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
မိတ္ထီလာခရိုင် သာစည်မြို့မှာလည်း မတ်လ ၉ ရက်ညက ပစ်ခတ်မှူရှိခဲ့ပြီး သေနတ်ကျည် ထိမှန်သူ ၁ ဦးရှိခဲ့တယ်လို့ သိရပါတယ်။