အကြမ်းဖက်စစ်တပ်ဘေးရန်

June 28, 2021

အကြမ်းဖက်စစ်တပ်ဘေးရန်ကြောင့် မင်းကင်းနယ်သားသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲမှာ ပြည်သူပေါင်း ၁၀,၀၀၀ ကျော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်နေရပြီး စားသောက်ရေးနဲ့ နေထိုင်ရေး အခက်အခဲတွေနဲ့ တွေ့ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အကြမ်းဖက် စစ်တပ်တွေက ရွာတွေကို ဝင်ရောက်တပ်စွဲ ဖျက်ဆီးပြီး လူငယ်နဲ့ PDF တွေကို ဖမ်းဆီးနေတာကြောင့်  ရွာသားတွေ  ရွာလုံး ကျွတ်ထွက်ပြေးနေကြရတာပါ။

“တင်းရွာကို ဇွန် ၁၄ ရက်မှာ တပ်ကဝင်တော့ တိုက်ပွဲတစ်ခါဖြစ်တယ်။ ၁၅၊ ၁၆ ရက်တွေက ကျောက်ခဲတက်ရွာကို ဝင်တပ်စွဲပြီး ဖျက်ဆီးတယ်။ ၁၇ ရက်နေ့မှာတော့ သင်တော၊ ညောင်ပင်သာ၊ အုန္နဲနဲ့ ဘုတ်ကျေးရွာတွေကို ဝင်တယ်။ ကနီမြို့နယ်က ကင်းရွာ၊ မိကျောင်းတွင်းရွာတွေကို၀င်တော့ တိုက်ပွဲဖြစ်တယ်။ ပြီးတော့ သူတို့က လူငယ်တွေကို လိုက်ဖမ်းတယ်" လို့ ဒေသခံ PDF တစ်ဦး ပြောပါတယ်။

အခုတော့ ပင်တင်းရွာ၊ လက်ချိတ်၊ နှင်းကြီး၊ ဖက်ခတ်၊ တုံပါ၊ တောင်ဖြူ၊ ကုန်းရင်း၊ အနောက်တော၊ အိုးဘို၊ ဘိုင်၊ ရွာသစ်ကုန်း ၊ တုံရွာ၊ ကျောက်ခဲတက်၊ သံပေါက်၊ ထီသာလုပ်၊ ဝက်ပုတ်၊ စမြင်ကြီး၊ ပြောင်းဇင်း၊ မောက္ကတော်နဲ့ ရှဲရွာဘက် ရွာသားတွေ ဘေးလွတ်ရာရှောင်ပြေးကြရင်း တောတောင်တွေထဲ ခက်ခက်ခဲခဲနေထိုင်နေကြရပါတယ်။

“အခု ရွာတွေတိုင်းမှာ လူတွေ လုံးဝကို မနေကြတော့ဘူး။ ညပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ရွာတွေထဲကိုဝင်ပြီး ပစ္စည်းတွေယူတာမျိုးလည်းရှိတယ်။ မနေ့ကဆို ကျောက်ခဲတက်ရွာကို ဝင်ပြီး Faw ကား ၂ စီးစာနဲ့ ထော်လာဂျီတစီးစာ ပစ္စည်းတွေ သယ်သွားတယ်။ ရှောင်နေကြရတဲ့ လူတွေအတွက် စားနပ်ရိက္ခာဝင်နိုင်မယ့် လမ်းတောင် မရှိသလောက်ဖြစ်နေတယ်ဗျ” လို ဒေသခံ တစ်ဦးက ပြောပါတယ်။

ကုန်းလမ်းနဲ့ ရေလမ်း နှစ်မျိုးလုံးကို ပိတ်ဆို့ကန်သတ်ထားတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်မယ်ထင်တဲ့ နေရာအနှံ့မှာ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)  နှစ် ယောက်နဲ့ ပြည်သူ ၄ ယောက်ကျဆုံးခဲ့တယ်လို့လည်း ဒေသခံ PDF တစ်ဦးက ပြောပါတယ်။ 

"ဇွန် ၂၄ ရက်က စစ်ကောင်စီက တိုက်ခိုက်လို့ တုံရွာက ၄ ယောက်၊ စမြင်ကြီးရွာက ၁ ယောက်၊ မိုးကောင်းရွာက ၁ ယောက် ကျဆုံးတယ်။ ၅ ယောက်လောက် ဒဏ်ရာရပြီး ၁ ယောက်ပျောက်နေတယ်၊ ကျဆုံးသူတွေထဲမှာ အမျိုးသမီး တစ်ယောက်လည်းပါတယ်။ PDF က ၄ ယောက် ပါပါတယ်” 

ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်ပြီး ခုခံတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း မင်းကင်း မြို့နယ်ထဲမှာ စစ်ကောင်စီဘက်က အယောက် ၃၀ ကနေ ၄၀ လောက် သေဆုံးခဲ့ပြီလို့လည်း သူက ဆိုပါတယ်။

ဇွန် ၂၇ ရက် မနက်ပိုင်းမှာတော့ အဲဒီဒေသမှာ အခြေအနေတည်ငြိမ်နေခဲ့ပြီး နေ့လယ်ပိုင်းမှာ ကျောက်ခဲတက်ရွာကို စစ်တပ်က ၀င်ရောက်စီးနင်းရှာဖွေနေပါတယ်။

7 months Ago

June 9, 2021

အကြမ်းဖက်စစ်တပ်ဘေးရန်ကြောင့် ရေစကြို၊ ဇီးတောစံပြရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇီးတောစံပြကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ပစ်မိန့်ပေးထားတယ်လို့ သတင်းကြားတာကြောင့် ရွာသားတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇီးတောစံပြကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ပြီးတော့ ပစ်မိန့်ပေးထားတယ်လို့ သတင်းတွေကြားတာကြောင့်  ဇွန်လ ၉ ရက်   ဒီနေ့အချိန်ထိ ရွာကို မပြန်ရဲဘဲ တစ်ရွာလုံးထွက်ပြေးနေရတယ်လို့ ဇီးတောဒေသခံတစ်ယောက်က ပြောပါတယ်။

ဇီးတောကျေးရွာမှာ ဇွန်လ ၇ ရက် ည ၉ နာရီကျော်လောက်က အလယ်တန်း ကျောင်းဆောင် မီးလောင်မှုဖြစ်ပွားတဲ့နေ့ကတည်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေ  ရောက်လာပြီး ရွာသားတွေကို သတ်ပစ်မယ်လို့ ဆဲဆိုကြိမ်းမောင်းပြီးတော့ သေနတ်တွေပစ်ဖောက်တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်တပ်တွေ ရောက်လာပြီးတော့ သေနတ်တွေပစ်ဖောက်ကာ ဆဲဆိုကြိမ်းမောင်းသွားပြီးတော့ တောထဲမှာရှိတဲ့ CDM ကျောင်းဆရာတစ်ယောက်ရဲ့ တဲကိုလည်း မီးရှိုဖျက်ဆီးသွားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ  ဒလန်အုပ်ချုပ်ရေးမှူးအပါအဝင် ပျူစောထီးအဖွဲ့ဝင် အယောက်  ၂၀ လောက်နဲ့ ဇီးတောကျေးရွာကို ဝင်ရောက်မွှေနှောက်တာ ၄ ကြိမ်ထိရှိနေပြီးတော့ နေအိမ်တွေဖျက်ဆီးကာ ပစ္စည်းယူသွားတာတွေလည်း ရှိနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

7 months Ago
Up