အကြမ်းဖက်စစ်ကောင်စီဖမ်းဆီး

September 2, 2021

လားရှိုးက ပြည်သူ ၇ ဦးကို PDF ဟု ယူဆကာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နားကွမ်းလုံကျေးရွာမှာ နေထိုင်နေကြတဲ့ ကျောင်းဆရာတွေ အပါအဝင် ပြည်သူ  ၇ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်(PDF) လို့ ယူဆကာ ဩဂုတ် ၃၁ ရက်နေ့က ဖမ်းဆီးခဲ့ ပါတယ်။

"လားရှိုးမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ နားကွမ်းလုံရွာက နေအိမ်တစ်လုံးမှာ နေထိုင်နေတဲ့ ပြည်သူ ၇ ဦးကို  စစ်တပ်က အင်အားအပြည့်နဲ့လာပြီး ဖမ်းသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ ကျောင်းဆရာအမျိုးသား ၃ ဦး၊ လူငယ်အမျိုးသား ၂ ဦး ၊ လူငယ်အမျိုးသမီး ၁ ဦးနဲ့ ရွာသား ၁ ဦးတို့ ဖြစ်တယ်လို့ ကနဦးသိရပါတယ်။ 

"စစ်တပ်က ဖမ်းသွားတာက ယောက်ျား ခြောက်ယောက်နဲ့ ကလေးမ တစ်ယောက်ကို မြင်လိုက်တာပဲ။ ကျန်တာ ထပ်ဖမ်းလား မဖမ်းလား မသိတော့ဘူး။ ဘေးပတ်လည်ရွာတွေကိုတော့ လိုက်မွှေနေတာပဲ" လို့ ဆိုပါတယ်။

အဲ့ဒီလိုဖမ်းဆီးပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အင်းအားဖြန့်ခွဲပြီး ပတ်ဝန်းကျင်ကျေးရွာတွေနဲ့ နမ္မတူ- လားရှိုးလမ်းမပေါ်က ရွာတချို့မှာ စခန်းချပြီး စစ် ဆေးမေးမြန်းနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့နယ်မှာ ပညာရေး၊ ကျန်းမာရေးစတဲ့ ဌာနအသီးသီးက CDM ဝန်ထမ်းတွေ ရာနဲ့ချီရှိနေပြီး စစ်ကောင်စီက ပုဒ်မ  ၅၀၅(က)နဲ့ ဝရမ်းထုတ်ခံထားရသူတွေလည်း ရှိပါတယ်။

3 months Ago
Up