အကျဥ်းသား

July 28, 2021

ပုသိမ် အကျဥ်းထောင်နှင့် ရဲစခန်းများမှ အကျဥ်းသား ၁၉၀ နီးပါး ပြန်လွတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင်လ ၂၇ ရက်နေ့က အကျဥ်းထောင်နဲ့ ရဲစခန်းတွေမှာ အမှုရင်ဆိုင်နေရဆဲ အချုပ်တရားခံ ၁၈၇ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင် ခိုးမှု၊ လုယက်မှု၊ ပြည့်တန်ဆာမှု၊ လက်နက်မှုနဲ့ ဆေးမှုတွေအပါဝင် အခြားအမှုတွေကို အမှုပိတ်ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့အပြီး ခုလိုပြန်လွှတ်ပေးခဲ့တာလို့ ပုသိမ် မြို့နယ်တရားရုံးက သတင်းထုတ်ပြန်ပါတယ်။

"ပြန်လွှတ်ပေးတာတော့ ဟုတ်တယ် လွှတ်မပေးခင် ၅ ရက်လောက်ကစပြီး အမှုပိတ်သိမ်းဖို့ အတွက် ရှေ့နေ့တွေကို တရားရုံးက ခေါ်တယ် အမှုပိတ်တယ် ပြီးတော့ မနေ့က ပြန်လွှတ်ပေး လိုက်တာ ထင်တယ်''လို့ ပုသိမ်မြို့နယ်တရားရုံးမှာ အမှုလိုက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးတဲ့အထဲမှာ ခိုးမှု ၄ မှု၊ သစ်တောဥပဒေနဲ့ ၄ မှု၊ လောင်းကစားမှု ၂၉ မှု၊ အရက်ပုန်းရောင်းမှု ၃ မှု၊ မူးယစ်ဆေးဝါးမှု ၁၀ မှု၊ လက်နက်မှု ၁၃ မှု၊ ပြည့်တန်ဆာမှု ၂ မှု၊ မှောင်ရိပ်ခိုမှု ၂ မှုနဲ့ ခြေချုပ်နဲ့ခံဝန်မှု ၁ မှုတို့ဖြစ်တယ်လို့ သိရပါတယ်။

ပြန်လွှတ်ပေးတဲ့သူတွေကိုတော့ အကျဥ်းထောင်ကပြန်လွှတ်ပေးတာရှိသလို ရဲစခန်း အချုပ်တွေကနေ ပြန်လွှတ်ပေးတာတွေလည်း ရှိတယ်လို့ ရှေ့နေတစ်ဦးကပြောပါတယ်။

အခုလိုပြန်လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပြန် မပါသေးတဲ့အပေါ်မှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

2 years Ago

October 31, 2020

ဧရာဝတီတိုင်း ထောင်အသီးသီးရှိ အကျဥ်းသားများကို ကိုဗစ်စစ်ဆေးရန် Test Kit ၂၀၀၀ ကျော် စီစဥ်ထား

ဧရာဝတီတိုင်း အကျဥ်းထောင်အသီးသီးမှာရှိတဲ့ အကျဥ်းသားတွေကို ကိုဗစ်-၁၉ ရှိ မရှိစစ်ဆေးဖို့ ကိုဗစ်အမြန်စစ်ကိရိယာ (Rapid Test Kit ) ၂ ထောင်ကျော် စီစဥ်ထားတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရပါတယ်။ တိုင်းဒေသကြီးအတွင်းရှိ အကျဥ်းထောင်အသီးသီးကို အသစ်ဝင်ရောက်လာမယ့်သူတွေနဲ့ ရက်စေ့လို့ ထောင်ကလွတ်မယ့်သူတွေကို စစ်ဆေးသွားမယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က ပြောပါတယ်။ "အသစ်ဝင်လာမယ့် အကျဥ်းသားတွေရယ်၊ လွတ်ရက်စေ့လို့ပြန်ထွက်မယ့် အကျဥ်းသားတွေကို ကိုဗစ်ရှိမရှိ စစ်ဆေးသွားဖို့အတွက် Test Kit ၂ ထောင်ကျော် ခွဲတမ်းချပေးထားပါတယ်" လို့ ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ အကျဥ်းထောင်အတွင်းကူးစက်မှုအဖြစ် မအူပင်အကျဥ်းထောင် မှာ ဖြစ်ပွားခဲ့ပြီး ကူးစက်ခံရသူ ၁၀၄ ဦးထိ ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၀၃ ဦးတွေ့ရှိလာတဲ့ ဧရာ၀တီတိုင်းမှာ ရောဂါသက်သာလာလို့ ဆေးရုံဆင်းခွင့်ရရှိသူ ၆၇၉ ဦးထိရှိပြီဖြစ်ကာ သေဆုံးသူ ၁ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up