အကဖြင့်သင်ကြားသည့်

February 1, 2018

အကဖြင့်သင်ကြားသည့် တက္ကသိုလ်ပါမောက္ခ ဆရာမကြီးရုပ်သံ ရေပန်းစား

ထိုင်းနိုင်ငံမှ တက္ကသိုလ်ပါမောက္ခ ဆရာမကြီးတဦးရဲ့ ကျောင်းစာသင်ခန်းတွင်း အကနဲ့သင်ကြားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက် စာမျက်နှာပေါ်မှာ ရေပန်းစားနေပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မဟာဆာရာခမ်တက္ကသိုလ် စာသင်ခန်းတခုအတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ပါမောက္ခဆရာမကြီး အာဂျန် ယာနင်ဟာ စာရင်းကိုင်ပညာ ဘာသာရပ်ကို သင်ကြားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တတန်းလုံးဟာ ပျင်းရိငြီးငွေ့နေကြပြီး ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေကြချိန်မှာ ဆရာမကြီးက “ကကြစို့” လို့ ပြောလိုက်ကာ ထိုင်းပေါ့ပ်အဆိုတော် အုပ်စုတစုဖြစ်တဲ့ BNK48 အဖွဲ့ရဲ့ ခူခီဆီယန်ထိုင်း အမည်ရတဲ့ သီချင်းကို အမူအရာနဲ့ သရုပ်ပါပါ သီဆိုပြလိုက်တာပါ။ ဆရာမကြီးဟာ ကျောင်းမှာလည်း သူ့အတန်းထဲက ကျောင်းသူကျောင်းသားတွေကို စိတ်ဝင်စားမှု ပိုမိုလာအောင် စာသင်ကြားမှုကောင်းတဲ့ ဆရာထဲမှာ ပါဝင်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဇန်နဝါရီ ၂၉ ရက်နေ့ကတည်းက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ထားခဲ့တာဖြစ်ပြီး လက်ရှိမှာ ဝင်ရောက်ကြည့်ရှုသူ တသန်းခွဲကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
3 years Ago
Up