အကျဉ်းထောင်ထဲတွင် နေသလို ခံစားရစေမည့် ထူးဆန်းသည့် တည်းခိုဆောင်

August 17, 2017

အကျဉ်းထောင်ထဲတွင် နေသလို ခံစားရစေမည့် ထူးဆန်းသည့် တည်းခိုဆောင်

ကျဉ်းမြောင်းလှတဲ့ အခန်းတွေ၊ သတ္တုသံတိုင်ဘားတန်းတွေ၊ နံရံကပ်အိပ်စင် ကုတင်တွေနဲ့အတူ ဘန်ကောက်မြို့မှ တည်းခိုဆောင်ဟာ သင့်ကို တကယ့်အကျဉ်းထောင်ထဲက အငွေ့အသက်တွေအတိုင်း ခံစားရစေမှာပါ။ သည်ဆွတ်ခ်ဘူတာ (The Sook Station) လို့ နာမည်ပေးထားတဲ့ ဒီတည်းခိုဆောင်ဟာ ဘန်ကောက်မြို့၊ ဥဒုံဆာ့ခ်ဒေသတွင်းမှာ တည်ရှိပြီး ဒါဟာ ပထမဆုံးသော အကျဉ်းထောင်တည်းခိုဆောင် ဖြစ်လာပါတယ်။ တည်းခိုနေထိုင်နိုင်မယ့် အခန်းပေါင်း ၉ ခန်းပါဝင်တဲ့ ဒီတည်းခိုဆောင်ကို ဖွင့်လှစ်သူတွေကတော့ အသက် ၅၅ နှစ်အရွယ် ဆီတိချိုင် ချိုင်ဗိုရာပရပ်ဂ်ျနဲ့ ဇနီးဖြစ်သူ အသက် ၄၉ နှစ်အရွယ် ပီရာနတ် တီကာဗန်နစ်ခ်ျတို့ ဖြစ်ကြပါတယ်။ ဒါဟာ တမူထူးခြားတဲ့ ပုံစံကွဲတမျိုးနဲ့ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့တာပါ။ တည်းခိုဆောင်မှာ နေထိုင်သူတွေဟာ အကျဉ်းသားတွေ ဝတ်ဆင်တဲ့ အဖြူစင်းကျားဝတ်စုံကို ဘတ် ၇၀၀ နဲ့ ငှားရမ်းအသုံးပြုနိုင်မှာဖြစ်ပြီး နံရံနဲ့ သံတိုင်တွေကြားမှာ စားသောက်နိုင်ကြမှာ ဖြစ်ပါတယ်။ ပိုင်ရှင်ဇနီးမောင်နှံဟာ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ မော်ဂန်ဖရီးမန်းနဲ့ တင်မ်ရော်ဘင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အကျဉ်းထောင်မှ လွတ်မြောက်အောင် ကြိုးပမ်းခဲ့တဲ့ ရုပ်ရှင်ကား “The Shawshank Redemption” ကို ကြည့်ခဲ့ပြီး ခုလိုဖွင့်ဖို့ စိတ်ကူးရခဲ့တာလို့ ဆိုပါတယ်။ အခန်းတွင်း ပြင်ဆင်မှုဒီဇိုင်းအနေနဲ့ကတော့ အခန်းတွေကြား ၂ ပိုင်း ပိုင်းထားခဲ့ပြီး အထီးကျန်ဆန်ဆန် နေထိုင်မှုခံစားရစေအောင် ဖန်တီးထားတာဖြစ်ပြီး ရေချိုးခန်းကိုတော့ ခေါင်မိုးထပ်မှာ လှောင်အိမ်ပုံစံ ထားရှိတာပါ။ ဒီတည်းခိုဆောင်မှာ တည်းခိုနေထိုင်မှုအတွက် တညကို ဘတ်ငွေ ၇၉၀ ကနေ ၁၆၃၀ ထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပိုင်ရှင်ဖြစ်တဲ့ ဆီတိချိုင်က “ဒါကို နှစ်သက်သူရှိသလို၊ မနှစ်သက်သူလည်း ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ နိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည်ဦးရေ ၃၅ သန်းနီးပါး လာရောက်လည်ပတ်ကြလိမ့်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဟိုတယ်ဝန်ထမ်းတဦးဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် ယွီကတော့ “ကျမ ဒီကိုရောက်လာချိန်မှာ မှောင်မည်းနေတာပဲ။ တကယ့်အကျဉ်းထောင်တခုလိုပဲ ခံစားရတယ်ရှင့်” လို့ ပြောပါတယ်။ ဒါပေမယ့် ၃ ရက်မြောက်တဲ့ အချိန်မှာတော့ ဝန်ထမ်းတွေရဲ့ နွေးထွေးမှုနဲ့ ဒီဟိုတယ်ဟာ ကိုယ့်ရဲ့အိမ်လိုပဲ ဖြစ်သွားပြီလို့ သူကဆိုပါတယ်။
4 years Ago
Up