အကျဉ်းထောင်ဆူပူမှု

May 10, 2019

အကျဉ်းထောင်ဆူပူမှုများ သွေးထိုးလှုံ့ဆော်မှုများရှိ၊ ဖြစ်ရပ်မှန် စစ်ဆေးမည်ဟု သမ္မတရုံးထုတ်ပြန်

အကျဉ်းထောင်ဆူပူမှုတွေဟာ ချိတ်ဆက်မှုတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သုံးသပ်ရတာကြောင့် ဖြစ်ပွားနေတဲ့ ဆူပူတွေနဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးမယ်လို့ သမ္မတရုံးက မေ ၉ ရက် ညမှာ ထုတ်ပြန်ပါတယ်။ သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နဲ့ လွှတ်ပေးရေးအတွက် သက်ကြီးရွယ်အို၊ နာတာရှည်၊ ကျန်းမာရေးမကောင်းသူတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းတွေ စတဲ့ အကျဉ်းသူ အကျဉ်းသားတွေကို ရွေးချယ်ရေးမူဝါဒနဲ့အညီ စနစ်တကျ စိစစ်ပြီး လွှတ်ပေးခဲ့ပါတယ်။ သမ္မတ လွတ်ငြိမ်းသက်သာခွင့်ကို အကြောင်းပြုပြီး မေ ၈ ရက်နေ့က ကလေးနဲ့ ဘားအံ အကျဉ်းထောင်၊ မေ ၉ ရက်နေ့က ရွှေဘို၊ မြစ်ကြီးနား၊ ထားဝယ်၊ သာယာဝတီနဲ့ ပုသိမ် စတဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေ ဆူပူမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အကျဉ်းထောင်ဆူပူမှုတွေမှာ အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေဟာ တသဘောတည်း ထပ်တူထပ်မျှ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် တချို့ အကျဉ်းထောင်တွေမှာ အကျဉ်းသားတချို့က လက်ကိုင်ဖုန်းနဲ့ လိုက်ဖ်လွှင့်တင်ခဲ့တာကို စိစစ်တွေ့ရှိခဲ့ရပါတယ်။ အထက်ပါဖြစ်စဉ်တွေကြောင့် အကျဉ်းထောင်ဆူပူမှုတွေဟာ ချိတ်ဆက်မှုတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သုံးသပ်ရကြောင်း သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သမ္မတ လွတ်ငြိမ်းခွင့် ၃ ကြိမ်ပေးပြီးနောက် မေ ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ နိုင်ငံတဝန်းက အကျဉ်းထောင် ၇ ခုမှာ လွတ်ငြိမ်းခွင့်နဲ့ပတ်သက်ပြီး တန်းတူအခွင့်အရေး ရရှိရေးအတွက် ဆူပူ ဆန္ဒပြတာတွေ ဖြစ်ခဲ့တာပါ။ အကျဉ်းထောင် ၇ ခုလုံးက လွတ်ငြိမ်းသက်သာခွင့် တန်းတူရရှိဖို့၊ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ခွင့်ပေးဖို့၊ မီဒီယာတွေနဲ့ ချိတ်ဆက်ပေးဖို့၊ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ခွင့်ပေးဖို့ စတဲ့ အချက် ၄ ချက် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ဆူပူဆန္ဒပြမှုတွေထဲက မေ ၈ ရက် ညနေ စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်မှာတော့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပါတယ်။
2 years Ago

January 3, 2017

ဘရာဇီးတွင် အကျဉ်းထောင်ဆူပူမှု ဖြစ်ပွား၊ လူ ၅၆ ဦး သေဆုံး

ဘရာဇီးနိုင်ငံမြောက်ပိုင်းမှာ ဇန်နဝါရီ ၁ ရက်နေ့က အကျဉ်းထောင်ဆူပူမှု ဖြစ်ပွားခဲ့ပြီး လူ ၅၆ ဦး သေဆုံးခဲ့ကာ အကျဉ်းသား ဒါဇင်နဲ့ချီ ထွက်ပြေးလွတ်မြောက်သွားလို့ ရဲတွေက ရှာဖွေနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ အန်နီစီရို ဂျိုဘင်မ် ဗဟိုအကျဉ်းထောင်ဟာ (Anisio Jobim) ဘရားဇီးနိုင်ငံ အမေဇိုးနားပြည်နယ်၊ မန်နာအိုးစ်ဒေသ အစွန်အဖျားမှာရှိပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၈၇ ဦးထဲက အယောက် ၄၀ ကို ပြန်လည်ဖမ်းမိတယ်လို့ ဇန်နဝါရီ ၃ ရက်နေ့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ တချိန်တည်းမှာပဲ သေဆုံးသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိနိုင်ဖို့ သေဆုံးသူ အကျဉ်းသားတွေရဲ့ အလောင်းတွေထားရှိရာ ရေခဲတိုက်ရဲ့ အပြင်ဘက်မှာ မိသားစုတွေကလည်း စုရုံးရောက်ရှိနေသလို တချို့သေဆုံးသူတွေဟာ ခေါင်းဖြတ်ခံထားရတယ်လို့လည်း ဆိုပါတယ်။ အကျဉ်းထောင်ဆူပူမှုက ဇန်နဝါရီ ၁ ရက်နေ့မှာ ဖြစ်ခဲ့ပြီး ၁၇ နာရီကြာပြီးမှ ဒီဆူပူမှု ပြီးဆုံးခဲ့ပါတယ်။ ဒီအကျဉ်းထောင်ဆူပူမှုဟာ ဘရာဇီးနိုင်ငံမှာ ဒီနှစ်အတွင်းဖြစ်ခဲ့တဲ့ ဆူပူမှုတွေထဲ သေဆုံးမှုအများဆုံး ထောင်ဆူပူမှု ဖြစ်ပါတယ်။ အန်နီစီရို ဂျိုဘင်မ် ဗဟိုအကျဉ်းထောင်မှာ ဖြစ်ခဲ့တဲ့ဆူပူမှုဟာ အမေဇိုးနားပြည်နယ်မှာ အကြီးဆုံး ထောင်ဆူပူမှုဖြစ်ပြီး ထောင်တွင်း ပြိုင်ဘက်ဂိုဏ်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုက စတင်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ “ဒါကတော့ မူးယစ်ဆေးဝါး တိတ်တဆိတ် ရောင်းဝယ်ဖောက်ကားမှုနဲ့ ရက်စက်မှု စစ်ပွဲတွေရဲ့ နောက်အခန်းဆက်တခုပဲ” လို့ ပြည်နယ်လူထုလုံခြုံရေး အတွင်းရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။ ဒီအကျဉ်းထောင်ဆူပူတိုက်ခိုက်မှုက သြဇာအာဏာကြီးမားတဲ့ ဒေသခံ ဂိုဏ်းအဖွဲ့ မြောက်ပိုင်း (FDN) မိသားစုတွေရဲ့ အဖွဲ့ဝင်တွေနဲ့ ဘရာဇီးနိုင်ငံရဲ့ အရှေ့တောင်ဘက် ဆော်ပိုလိုမြို့မှာ အခြေပြုတဲ့ ပြိုင်ဘက် ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးဂိုဏ်းအဖွဲ့ First Capital Command (PCC) တို့အကြား ဖြစ်ခဲ့ပုံရတယ်လို့ အတွင်းရေးမှူးက ဖြည့်ပြောပါတယ်။ ဆူပူမှုစဖြစ်တဲ့အချိန်မှာ ခေါင်းဖြတ်ခံထားရတဲ့ အလောင်း ၆ လောင်းကို အကျဉ်းထောင်စည်းရိုး အပြင်ဘက်ကို ပစ်ထုတ်လိုက်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့က ဖြစ်ခဲ့တဲ့ ဆူပူမှု ပြီးဆုံးခဲ့ချိန်မှာတော့ အကျဉ်းသားတွေက လက်နက်ချခဲ့ပြီး ဓားစားခံ ခေါ်ယူထားခဲ့တဲ့ ထောင်ဝန်ထမ်း ၁၂ ဦးကိုလည်း လွှတ်ပေးခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာ အကျဉ်းသား ၆ သိန်းကျော်ရှိပြီး ကမ္ဘာ့အကျဉ်းသားဦးရေ အများဆုံး တိုင်းပြည်တွေထဲ နံပါတ် ၄ နေရာမှာ ရှိနေပြီး ဒီလို အကျဉ်းသားတွေ ပြည့်ကျပ်နေတာကြောင့်လည်း ထောင်တွင်းအကြမ်းဖက်မှုတွေ မကြာခဏ ဖြစ်နေတာပါ။ အစီရင်ခံစာတွေအရ အန်နီစီရို ဂျိုဘင်မ် ဗဟိုအကျဉ်းထောင်ဟာ အကျဉ်းသားရေ ၄၅၄ ဦးအတွက်ပဲဖြစ်ပေမယ့် လက်ရှိ အမျိုးသားအကျဉ်းသား ၁၂၂၄ ဦး ရှိတယ်လို့ သိရပါတယ်။
5 years Ago
Up