အကျဉ်းထောင်

July 5, 2019

အကျဉ်းထောင်နဲ့ အုပ်ချုပ်ရေးယန္တရား (၃) (သုတကဖေး)

၁၈၈၅ ခုနှစ် မြန်မာတပြည်လုံး အင်္ဂလိပ်လက်အောက် ရောက်ပြီးတဲ့နောက် မြန်မာပြည်မှာ တော်လှန်ပုန်ကန်မှုတွေဟာ တပြည်လုံးအနှံ့ ဖြစ်ပွားခဲ့တယ်။ သူပုန်သူကန် များလာတာနဲ့အမျှ ရောင်တော်ပြန်နဲ့အတူ ဓားပြသူခိုးတို့ ထူပြောလာတယ်။ အထက်မြန်မာပြည် ငြိမ်ဝပ်ပိပြားရေးအတွက် စစ်တပ်နဲ့ နှိမ်နင်းခဲ့ရသလို အကျဉ်းထောင်တွေဆောက်ပြီး ထိန်းသိမ်းဖို့ ပြင်ဆင်ခဲ့ကြတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်အပြီး တည်ဆောက်ခဲ့တဲ့ ထောင်တွေဟာ အောက်မြန်မာပြည်အတွက် လုံလောက်ပေမယ့် အထက်မြန်မာပြည်အတွက်ကတော့ အခုမှ အသစ်တည်ကြရမှာပါ။ ဒါတောင် အောက်မြန်မာပြည်အတွက် ၁၉၀၀ ပြည့်နှစ်မှာ မြောင်းမြအကျဉ်းထောင်ကို တိုးချဲ့ ဆောက်လုပ်ခဲ့ကြပါတယ်။ အင်္ဂလိပ်တို့ အထက်မြန်မာပြည်သိမ်းပြီး ၁၈၈၆ ခုနှစ်မှာ ပထမဆုံး ဆောက်ခဲ့တာက ကသာအကျဉ်းထောင်ပါ။ ကသာထောင်ဆောက်တာက ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်တို့ ပုန်ကန်သူအဖွဲ့ကို ထိန်းသိမ်းဖို့အတွက် ဆောက်တာပါ။ ဦးအောင်မြတ်တို့ရဲ့ တော်လှန်အခြေစိုက်တာကလည်း ကသာမြို့ သဖန်းကိုင်းရွာ ဖြစ်တယ်။ အဲ့ဒီ သဖန်းကိုင်းရွာ ဆိုတာ အခု ကသာထောင်အနီးက ၁၀ ရပ်ကွက်ပါပဲ။ တကယ်တမ်း အင်္ဂလိပ်ရုံးစိုက်တာက ထီးချိုင့်မှာပါ။ ထီးချိုင့်အခြေစိုက်ပြီး ဦးအောင်မြတ်တို့ တော်လှန်ရေးသမားတွေကို နှိမ်နင်းခဲ့တာ။  ဒါကြောင့် ကသာမှာ ထောင်ဆောက်လိုက်တာလို့ ဆိုပါတယ်။ သူ့ထက်စောတာက တောင်ငူထောင်ပါ။ ၁၈၈၅ မှာ ဆောက်တာ။ အောက်မြန်မာနိုင်ငံအတွက် ဆောက်ခဲ့တာပါ။ ၁၈၈၈ ထဲမှာတော့ မုံရွာထောင်ကို ဆောက်ခဲ့တယ်။ ချင်းတွင်းတရိုးက တော်လှန်ရေးသမားတွေကို ထိန်းသိမ်းဖို့ ဆောက်ခဲ့တာပါပဲ။ ၁၈၈၉ ရောက်တော့ ရွှေဘိုထောင်ကို ဆောက်ခဲ့တယ်။ ရွှေဘိုထောင်နေရာကို ရွေးဆောက်ခဲ့တာက အင်္ဂလိပ်တို့ရဲ့ ညစ်နွမ်းတဲ့စိတ်၊ နာမ်နှိမ်လိုတဲ့စိတ်နဲ့ ဆောက်ခဲ့တာလို့ ယူဆရဟန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ အရင် ရွှေဘိုထောင်နေရာဟာ အလောင်းမင်းတရားကြီးရဲ့ အောင်မြေဖြစ်ခဲ့တဲ့ နန်းတော်ရာ ဖြစ်နေလို့ပါပဲ။ အင်္ဂလိပ်တို့ရဲ့ နေရာရွေးချယ်မှုဟာ သံသယဖြစ်စရာပါ။ ဒါကြောင့် ၁၉၉၃ ခုနှစ်မှာ ရွှေဘိုထောင်ကို ရွှေ့ပြောင်းပြီး ထောင်သစ်ကို နဝတလက်ထက်မှာ ဆောက်လုပ်ခဲ့ပါတယ်။ ၁၈၈၉ ခုနှစ်ရောက်တော့ ပြည်ထောင်ကို ဆောက်တယ်။ ၁၈၉၂ ခုနှစ်မှာ ပြီးစီးခဲ့တယ်လို့ ဆိုတယ်။ မိတ္ထီလာထောင်ကိုတော့ ၁၈၉၀ ခုနှစ်မှာ ဆောက်ခဲ့တာပါ။ သူ့မှာတော့ သိပ်ထူးခြားချက် မရှိလှဘူး။ ထူးခြားတာက မြင်းခြံထောင်ပါ။ ဒီထောင်ကတော့ မြန်မာ့တော်လှန်ရေးသမားတွေကို ခုခံဖို့ မြင်းခြံခံတပ်အဖြစ် ဆောက်ခဲ့တာ။ အင်္ဂလိပ်တို့ရဲ့ ခံတပ်ဟောင်းတခုလို့ ဆိုလို့ရတယ်။  အစကတော့ ခံတပ်ဆောက်တာ။ ဒါပေမယ့် တော်လှန်ရေးသမားတွေကို ဖမ်းမိတဲ့အခါ ဒီခံတပ်ထဲမှာပဲ ချုပ်နှောင်ထားရင်းနဲ့ပဲ ခံတပ်ကို ထောင်အဖြစ် ပြောင်းလဲလိုက်တာပါ။ ဒီထောင်မှာ ဆရာတော် ဦးဥတ္တမလည်း ချုပ်နှောင်ခံရဖူးသလို တချိန်က နာမည်ကြီးခဲ့တဲ့ ဗိုလ်စံဖဲကိုလည်း ကြိုးပေးကွပ်မျက်ခဲ့တဲ့ထောင် ဖြစ်တယ်။ နောက်ထပ် ထူးခြားတဲ့ထောင်ကတော့ ၁၈၉၃ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဗန်းမော်ထောင်ပါ။ ဒီထောင်ကို တည်ဆောက်ရတာကလည်း မြန်မာ့တော်လှန်ရေးသမားတွေကို ထိန်းသိမ်းဖို့ ဆောက်ခဲ့တာ။ သူ့ကျွန်မခံလိုတဲ့ မြန်မာတော်လှန်ရေးသမားတွေဟာ ရရာလက်နက်ကိုင်ပြီး အင်္ဂလိပ်ကို တွန်းလှန်ခဲ့ကြတယ်။ ဗန်းမော်တဝိုက်မှာတော့ ကချင်တိုင်းရင်းသားခေါင်းဆောင် ဖုန်ဒူးဝါးကြီးက ဦးဆောင်တော်လှန်ခဲ့တယ်။ စောရန်ပိုင် စောရန်နိုင်တို့လည်း ဒီနယ်ကို အခြေစိုက် ပုန်ကန်ခဲ့တယ်။ ဒါ့အပြင် ဗိုလ်မောင်စကြဝတေးမင်း အမည်ခံသူတို့လည်း ဗန်းမော်နယ်က ထင်ရှားတဲ့ တော်လှန်ရေး သူရဲကောင်းတွေပါပဲ။  ဒီတော်လှန်ရေးသမားတွေကို နှိမ်နင်းဖို့ ဆောက်ခဲ့တဲ့ ဗန်းမော်ထောင်ပါ။ တော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်ချိုကို ချုပ်နှောင်ဖို့ ဆောက်ခဲ့တာကတော့ ညောင်ဦးထောင်ပါပဲ။ ဗိုလ်ချိုနဲ့ သူ့အဖွဲ့ကို ဖမ်းမိတော့ ညောင်ဦးသင်္ဘောဆိပ်အနီးမှာ အချုပ်ခန်းတခုဆောက်ပြီး ထိန်းသိမ်းထားတာပေါ့။ တော်လှန်ရေးသမားတွေက မကြာမကြာ လာရောက်ချောင်းမြောင်း တိုက်ခိုက်ခဲ့လို့ လက်ရှိနေရာမှာ အမြန်ဆုံး ထောင်ကို ဆောက်လုပ်ခဲ့ရတယ်လို့ ဆိုတယ်။ ဆောက်ခဲ့တာကိုတော့ ၁၈၉၄ လို့ ယူဆရတယ်။ ဒါကြောင့် တော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်ချိုကို ဖမ်းမိတာလည်း ၁၈၉၄ အစောပိုင်း ဖြစ်မယ်လို့ ယူဆနိုင်ရဲ့။ ဒါကြောင့် ညောင်ဦးထောင်ဟာလည်း တော်လှန်ရေးသမားတွေထားဖို့ ဆောက်ခဲ့တာ ဖြစ်တယ်။ အင်္ဂလိပ်တို့က ၁၈၉၃ ခုနှစ်ထဲရောက်တော့ နောက်ဆုံးထောင်အဖြစ် တည်ဆောက်ခဲ့တာက ကျိုင်းတုံထောင်လို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ဆုံးဖြစ်ခဲ့ဟန် မရှိပါဘူး။ သူ့နောက်မှ သီပေါထောင်ကို ၁၈၉၈ မှာ ဆောက်ခဲ့တာပါ။ သီပေါစော်ဘွားကြီး စဝ်ကြာဆိုင်လက်ထက်မှာ ဆောက်ခဲ့တာလို့ ဆိုပါတယ်။ ၁၉၀၉ ထဲမှာ ဖျာပုံထောင် ဆောက်ပြန်ပါတယ်။  ပခုက္ကူထောင်ကတော့ ၁၈၉၅ ထဲမှာပါ။ သာယာဝတီထောင်ကတော့ ၁၉၁၄ ခုနှစ်ရောက်မှ တည်ဆောက်ခဲ့တာပါ။ အင်းစိန်ထောင်အကြောင်းကတော့ သီးခြားရေးပါမယ်။ အခုပြောချင်တာက “အင်္ဂလိပ်က မြန်မာပြည်မှာ ဘာလို့ ထောင်တွေအများကြီး တည်ဆောက်ခဲ့တာလဲ” ဆိုတာပါ။ ဒီမှာ မစ္စတာဖာနီဗယ်က သူ့ရဲ့ Colonal Policy and Practice စာအုပ်မှာတော့ “အခြားအရပ်ဒေသများရှိ အခြေအနေရပ်များနှင့် နှိုင်းစာကြည့်လျှင် မြန်မာပြည်တွင် ရာဇဝတ်မှု ထူပြောခြင်းသည် သိသာထင်ရှား၏။ မြန်မာပြည်လူဦးရေ အချိုးအစားဖြင့် ကြည့်မည်ဆိုပါက မြန်မာပြည်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ပေးရသည့် လူဦးရေသည် အိန္ဒိယပြည်နယ်တိုင်းထက် သုံးလေးဆမျှ ပိုမိုများပြားသည်ဟု ၁၉၁၃ ခုနှစ်တွင် မှတ်ချက်ရှိခဲ့သည်။ အကျဉ်းထောင်များ မပြတ်တိုးပွားလာသော်လည်း အစဉ်သဖြင့် လူပြည့်သည်ချည်းဖြစ်၏။  အကျဉ်းထောင်သစ်များ ထပ်မံတိုးချဲ့ ဆောက်လုပ်သော်လည်း ထောင်သားဦးရေနှင့် မလုံလောက်ပေ” လို့ မှတ်တမ်းပြုခဲ့ပါတယ်။ ဤသည်မှာ ယနေ့ခေတ်ထိတိုင် ဖြစ်ပေါ်နေဆဲ ပြဿနာတရပ်ပင် ဖြစ်နေပါတယ်။ ဒါကြောင့် ဒီလိုမျိုး သုံးသပ်ချက်အပေါ်မှာ အစိုးရတရပ်အနေဖြင့် ရာဇဝတ်ဖြစ်မှု သုတေသနတခုပြု အဖြေရှာသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ဆရာဋ္ဌေး
2 years Ago

May 24, 2019

အကျဉ်းထောင်များနှင့် အုပ်ချုပ်ရေးယန္တရား - ၂ (သုတကဖေး)

ကိုလိုနီခေတ်မှာ ပထမဆုံးပေါ်လာတဲ့ ထောင်တွေအကြောင်း အရင်တပတ်က ဖော်ပြခဲ့ပါတယ်။ ပထမပိုင်းအနေနဲ့ ၁၈၂၄ ပထမ အင်္ဂလိပ်-မြန်မာစစ်အပြီး ပေါ်ခဲ့တဲ့ ထောင်တွေအကြောင်း ပြောခဲ့တယ်။ အဲ့ဒီထောင်တွေကို အုပ်ချုပ်သူတွေက ကျောက်ဆေးထိုး ဆရာတွေပါ။ အဲ့ဒီကာလက ကမ္ဘာတဝှမ်းလုံး ကျောက်ရောဂါဟာ ကပ်ဆိုးတခုလို ဖြစ်ခဲ့တာ။ လူစုလူဝေးနဲ့ ၂၄ နာရီလုံး ပူးကပ်နေထိုင်ရတဲ့ ထောင်ဟာ ကျောက်ရောဂါ အဖြစ်အများဆုံးပေါ့။ ဒီတော့ ထောင်အတွက် ကျောက်ဆေးထိုးဆရာတွေကို ခန့်ကြရတယ်။ ဒီကျောက်ထိုးဆရာတွေဟာ အကျဉ်းသားတွေရဲ့ ကျန်းမာရေးကိုပါ တာဝန်ယူရင်း တပြိုင်တည်း သူတို့ကို ထောင်အုပ်ချုပ်သူအဖြစ် ခန့်ထားလိုက်ဟန်ပါပဲ။ တကယ်တော့ အကျဉ်းထောင်ဌာနဆိုပြီး ပေါ်လာတာက ၁၈၅၂ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပြီးမှ မြန်မာနိုင်ငံအလယ်ပိုင်း အင်္ဂလိပ်လက်အောက်မှ ပေါ်လာတာ။ တိတိကျကျပြောရရင် ၁၈၆၄ ခုနှစ်ထဲမှ ပေါ်လာတာ။ အဲ့ဒီမှာ ဆေးမင်းကြီးထားပြီး ထောင်ကို အုပ်ချုပ်စေတာ။ “ဆေးမင်းကြီး” ဆိုတာ ကျန်းမာရေးမင်းကြီးကို ခေါ်တာ။ အခုခေတ်လို ဆိုရင်တော့ ကျန်းမာရေးဝန်ကြီးဌာနပေါ့။ အဲ့ဒီလို အင်္ဂလိပ်တို့ အောက်မြန်မာနိုင်ငံကို သိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့သစ် တည်ပြီးတဲ့နောက် ရန်ကုန်ထောင်ကို ၁၈၆၁ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တယ်။ ရန်ကုန်ထောင်ဟာ ၁၉၈၃ လောက်မှ ဖြိုဖျက်ခဲ့တယ်။ အရင်က ရန်ကုန်ထောင်ဆိုတာ အခု ဂျပန်ဆေးရုံလို့ခေါ်တဲ့ သရက်တောကျောင်းတိုက်ရှေ့ရှိ ဆေးရုံနေရာကနေ ပြည်လမ်းအနောက်ဘက် သူနာပြုတက္ကသိုလ်ဝင်းအထိ။ မြောက်ဘက် ပြည်လမ်းဘူတာ အထိပေါ့။ အရင်က ပြည်လမ်းဟာ စိန်ဂျွန်းဈေးကို ပတ်ပြီး သွားကြရတာ။ အခုလို ဒိုးယိုပေါက် မဟုတ်ဘူး။ အခုတော့ စိန်ဂျွန်းဈေးလည်း မရှိတော့ဘူး။ အိမ်ရာတွေ ဆောက်နေတာတော့ တွေ့ရတယ်။ ဒါကြောင့် အရင်က ပြည်လမ်းဟာ ပြည်လမ်းဘူတာရှေ့က အစပြုခဲ့တာ။ ရန်ကုန်ထောင်ထက် စောတယ်လို့ ပြောလို့ရတာက ပုသိမ်ထောင်ပဲ။ ပုသိမ်ထောင်က အင်္ဂလိပ်-မြန်မာ ဒုတိယစစ်အပြီး ၁၈၅၃ လောက်ကတည်းက ရှိခဲ့တယ်လို့ ဆိုတယ်။ ပထမဆုံး ပုသိမ်ထောင်က အခု အမှတ် ၃ ကျောင်းနေရာရဲ့ မြောက်ဘက်မြေနေရာမှာ အကျဉ်းထောင်ကို ဆောက်ပြီး သူ့တောင်ဘက်မှာ တရားရုံး ဆောက်ခဲ့တာ။ ၁၈၈၈ ရောက်မှ လက်ရှိနေရာကို ပြောင်းလဲဆောက်ခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် ပုသိမ်ထောင် နေရာဟောင်းအရ ပြောရင်တော့ ရန်ကုန်ထောင်နောက်မှ ဆောက်ခဲ့တာလို့ ဆိုရမှာပါ။ စိတ်ဝင်စားစရာ ကောင်းတာက ဟင်္သာတထောင်ပဲ။ ဟင်္သာတထောင်ဟာ မြန်မာ့တော်လှန်ရေး သူရဲကောင်းတဦးဖြစ်တဲ့ ဗိုလ်မြတ်ထွန်းကို အကြောင်းပြုပြီး တည်ဆောက်ခဲ့တာလို့ ဆိုတယ်။ ပဲခူး၊ ဟင်္သာတနဲ့ ဧရာဝတီဆိုပြီး ခရိုင်ဖွဲ့လို့ ကပ္ပတိန် ဆယ်ယာကို အုပ်ချုပ်ရေးခန့်တာ။ ဗိုလ်မြတ်ထွန်းနဲ့ တော်လှန်ရေးသမားတွေက ဒီဒေသတွေမှာ တော်လှန်တော့ စစ်ပွဲတွေ ရာဇဝတ်မှု ထူပြောလို့ဆိုပြီး ၁၈၅၄ မှာ ဟင်္သာတထောင်ကို ဆောက်လုပ် အုပ်ချုပ်ခဲ့တာ။ ၁၈၆၄ ကျတော့ ထောင်ကိုဖျက်ပြီး ဂတ်တဲလုပ်ခဲ့တယ်။ လက်ရှိအသုံးပြုနေတဲ့ ထောင်သစ်ကို ပြန်လည်တည်ဆောက်ခဲ့တယ်လို့ ဆိုတယ်။ ၁၈၇၅ ထဲမှာတော့ မအူပင်ထောင်ကို တည်ဆောက်ခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၁၅၀ ပြည့်တော့မှာပါ။ စတင်ဆောက်လုပ်စဉ်က မြို့လယ်ခေါင်နဲ့ အတော်လေး ဝေးရာမှာ ရှိခဲ့တာ။ နှစ်တွေကြာလာပြီး မြေပြိုခဲ့တာကြောင့် အခုဆိုရင် မအူပင်မြို့လယ်တောင် ရောက်နေပြီလို့ ဆိုပါတယ်။ မြောင်းမြထောင်ကတော့ ၁၉၀၀ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့တာပါ။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပြီးမှ ဖွင့်တယ်ဆိုပေမယ့် သူလည်း စောခဲ့တာပါပဲ။ သူ့ထက်စောတာက ထားဝယ်ထောင်ပါ။ ထားဝယ်ထောင်က ဒုတိယ အင်္ဂလိပ်ကျူးကျော်စစ်ပြီးမှ ၁၈၇၂ ခုနှစ်မှာ တည်ခဲ့တာ။ ထားဝယ်မြို့ရဲ့ အရှေ့ဘက် ခပ်လှမ်းလှမ်းမှာ ရှိတယ်။ လေးထောင့်ပုံ ထောင်တမျိုးပါပဲ။ သရက်ထောင်ကတော့ ၁၈၆၃ မှာ တည်ဆောက်တာ။ စတင်အသက်ဝင်တာက ၁၈၆၉ မှပါ။ ဒီထောင်တည်တာက အင်္ဂလိပ်ကို ပုန်ကန်ခြားနားတဲ့ မြန်မာသူပုန်တွေ၊ တော်လှန်ရေးသမားတွေကို ချုပ်နှောင်ဖို့ ရည်ရွယ်ရင်းပါပဲ။ မြန်မာပြည်အလယ်ပိုင်း ပုန်ကန်ခြားနားသူတွေ အတွက်လို့ ဆိုပါတယ်။ သရက်မြို့ရဲ့ မြောက်ပိုင်းရပ်ကွက်နဲ့ အနောက်ပိုင်းရပ်ကွက်တွင်းမှာ ရှိတာပါ။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်အပြီး တည်ဆောက်ခဲ့တဲ့ ထောင်ထဲမှာ ပေါင်းတည်ထောင်လည်း အပါအဝင်ဖြစ်ခဲ့တယ်။ ပေါင်းတည်ထောင်ကိုတော့ ၁၈၇၅ မှာ စတင်တည်ဆောက်ခဲ့တာ။ ၁၈၇၈ မှာ စတင်အသုံးပြုခဲ့တယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်အပြီး ထောင်အားလုံးရဲ့ ဝန်ထမ်းတွေက အိန္ဒိယလူမျိုးတွေ ခေါ်ယူအသုံးပြုခဲ့တာ။ မြန်မာထဲက ထောင်ဝန်ထမ်းလုပ်သူ မရှိသလောက်ပါပဲ။ အစောပိုင်းမှာ ထောင်အုပ်ချုပ်ရေး ယန္တရားဟာ ဆေးမင်းကြီးလို့ခေါ်တဲ့ ကျန်းမာရေးဌာနကပဲ အုပ်ချုပ်ခဲ့တာ။ အချို့ထောင်တွေကိုတော့ ကျောက်ထိုးဆရာတွေက အုပ်ချုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်အပြီးထိ အကျဉ်းထောင် အုပ်ချုပ်ရေးဟာ တရားရေးဝန်ရဲ့ လက်အောက် မရောက်ခဲ့သေးဘူးလို့ တချို့မှတ်တမ်းများမှာ တွေ့ရကြောင်း တင်ပြလိုက်ပါတယ်။ ဆရာဋ္ဌေး
2 years Ago
More News
Up