အကျဉ်းသား ၅ ဦးအနက် ၁ ဦး ဖမ်းမိ

July 3, 2017

လုံခြုံရေးကို ရိုက်နှက်၍ ထွက်ပြေးခဲ့သူ အကျဉ်းသား ၅ ဦးအနက် ၁ ဦး ဖမ်းမိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ အင်းဗြောင်ကုန်ထုတ်စခန်းမှ ထွက်ပြေးသွားတဲ့ အကျဉ်းသား ၅ ဦးအနက် အကျဉ်းသားတဦးကို မုတ္တမ၊ ကျွဲခြံကျေးရွာမှာ ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းက ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ မုတ္တမရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ပေါင်မြို့နယ်၊ မုတ္တမ၊ ကျွဲခြံကျေးရွာမှာ မသင်္ကာဖွယ်ရာ လူစိမ်းတဦး လမ်းလျှောက်သွားနေတယ်လို့ သတင်းရရှိတာကြောင့် နယ်မြေခံရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ အဲဒီလူစိမ်းဟာ ထောင်ဝင်အမှတ် သထ/၁၅/၀၀၆၇၂/က၊ ရန်နိုင်(၂၆-နှစ်)၊ အင်းဗြောင်ရဲဘက်စခန်းမှ ဇွန်လ ၂၈ ရက်နေ့က ထွက်ပြေး လွတ်မြောက်နေသူ ဖြစ်နေပါတယ်။ ရန်နိုင် လွယ်ထားတဲ့ အနီရောင် ဘေးလွယ်အိတ်အတွင်းက အရိုးအသွား ၁၄ လက်မခန့်ရှိ ဝါးရိုးတပ်ဓားဦးချွန် ၁ ချောင်းကို သက်သေတွေရှေ့မှာ ရှာဖွေပုံစံရေးဖွင့်ကာ သိမ်းဆည်းခဲ့တယ်လို့ ရဲစခန်းက ပြောပါတယ်။ ပေါင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းဇော်ဦးက “ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာ၊ အင်းဗြောင်ကုန်ထုတ်စခန်း၌ အကျဉ်းချခံထားရတဲ့ အကျဉ်းသား ရန်နိုင်၊ ကိုရဲ(ခ)သန်းနိုင်၊ ပြည့်စုံအောင်၊ ရဲဝင်းနိုင်(ခ)အကြီးကောင်၊ ဆန်းလင်းဇော်တို့ ၅ ဦးဟာ ဇွန်လ ၂၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က တာဝန်ကျလုံခြုံရေးကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ပြည်သူ့ဝန်ထမ်းတဦးကို တာဝန်ထမ်းဆောင်နေချိန်မှာ နာကျင်အောင်ပြုလုပ်မှု ပုဒ်မ(၃၃၂)၊ ချုပ်နှောင်ခံထားရတဲ့ နေရာမှ ထွက်ပြေးလွတ်မြောက်မှု ပုဒ်မ (၂၂၄)နဲ့ ထွက်ပြေးသွားတဲ့ အကျဉ်းသား ၅ ဦးကို အမှုဖွင့်ထားတယ်”လို့ ပြောပါတယ်။ အမှုနဲ့ပတ်သက်ပြီး ရဲဘက်ပြေး ရန်နိုင်ကို မုတ္တမနယ်မြေရဲစခန်းက (ပ)၈၉/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။ သတင်း - ယူမင်းစိုး
5 years Ago
Up