အကျဉ်းသားလွှဲပြောင်ရေးဥပဒေကြမ်း

June 17, 2019

ဟောင်ကောင်အကြီးအကဲ ရာထူးမှ နုတ်ထွက်ပေးရန် ဆက်လက်ဆန္ဒပြ

ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ် ရာထူးကနေ ဆင်းပေးဖို့ ထောင်သောင်းချီတဲ့ ဝတ်စုံနက်ဝတ်ထားသူတွေက ဇွန် ၁၇ ရက်မှာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။ ဟောင်ကောင်တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကိုင်တွယ်ပုံအတွက် ဆန့်ကျင်ဆန္ဒပြ နေကြတာပါ။ ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်ကတော့ သူ့လုပ်ရပ်အတွက် ဇွန် ၁၆ ရက်က တောင်းပန်ခဲ့ပါတယ်။ လမ်ဟာ ဟောင်ကောင်ပြည်သူတွေကို ဥပဒေမူကြမ်းကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်တယ်၊ ဝေဖန်ပြစ်တင်မှုတွေကို လက်ခံဖို့၊ အရိုးသားဆုံးနဲ့ အနှိမ်ချဆုံးသဘောထားကို ကျင့်သုံးဖို့နဲ့ ပြည်သူကပေးတဲ့ တာဝန်ကို ထမ်းဆောင်ရာမှာ တိုးတက်အောင်လုပ်ဖို့ ကတိပြုတယ်လို့ ဟောင်ကောင် အမှုဆောင် အရာရှိချုပ်က တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ လမ်းတွေ လူသွားလမ်းတွေနဲ့ ရထားဘူတာတွေမှာ ဆန္ဒပြလူအုပ်တွေကြောင့် အနက်ရောင် လူပင်လယ်ကြီး ဖြစ်ခဲ့တာပါ။ ဆန္ဒပြဖို့ ခွင့်ပြုထားတဲ့ နောက်ဆုံးအချိန် ဇွန် ၁၆ ရက် ညသန်းခေါင်ကို ကျော်လွန်ပြီး လူ ၁ သန်းကျော်က အာဏာပိုင်တွေကို အာခံရင်း ဆန္ဒပြနေပါတယ်။ ဇွန် ၁၆ ရက်နေ့ ဆန္ဒပြပွဲကို လူ ၂ သန်းနီးပါး တက်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၂ နှစ်က ဗြိတိန်လက်ကနေ တရုတ်ပြည်မကြီးလက်ထဲ ပြန်ရောက်တဲ့ ဟောင်ကောင်သမိုင်းမှာ တရုတ်နဲ့ ဆက်ဆံရေးကို အသိသာဆုံး စိန်ခေါ်မှု ဖြစ်လာပါတယ်။ ဟောင်ကောင်ကို တနိုင်ငံ စနစ် ၂ မျိုး မူဝါဒနဲ့ အုပ်ချုပ်ဖို့ ဗြိတိန်ဆီမှာ တရုတ်က ကတိပြုထားပါတယ်။ ဒါကြောင့် ဟောင်ကောင်မှာ အပြည့်အဝ ဒီမိုကရေစီနည်းကျ မဲမပေးနိုင်ပေမယ့် တရုတ်ပြည်မကြီးထက် ပိုပြီးလွတ်လပ်တဲ့ အုပ်ချုပ်မှုနဲ့ တရားစီရင်ရေး စနစ်တွေနဲ့ ဟောင်ကောင်ကို အုပ်ချုပ်ပါတယ်။
2 years Ago
Up