အကျဉ်းသားကျန်းမာရေး

July 11, 2015

Stroke ဦးနှောက်သွေးကြော ဖောင်းပြီးပေါက်ခြင်း

ဦးနှောက်သွေးကြောဖောင်းပြီး ပေါက်သွားတာပေါ့နော်။ အခြေအနေကတော့ စိုးရိမ်ရတယ်။ ကျနော် ဒီလောက်ပဲ ပြောလို့ရမယ်လို့ ကုတင်တစ်ထောင်ဆေးရုံက ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမြတ်သူဝင်းက ပြောပါတယ်။ Stroke (စထုပ်ခ်) လို့ လူသိများတဲ့ ဦးနှောက်-သွေးကြောရောဂါကို Cerebrovascular accident (CVA); Cerebral infarction; Cerebral hemorrhage; Ischemic stroke စသဖြင့် ခေါ်သေးတယ်။ Brain attack လို့လည်း ခေါ်တယ်။ မြန်မာတွေက လေဖြတ်တာလို့ ခေါ်တယ်။ ရောဂါကဆိုးလွန်းပြီး၊ အဖြစ်လည်း မနည်းလှပါ။ လွန်ခဲ့တဲ့ အနှစ် ၃ဝ အတွင်း ပိုအဖြစ်များလာတယ်။ ၉၅ ရာခိုင်နှုန်းဟာ အသက် ၄၅ နှစ်ကျော်သူတွေ ဖြစ်တယ်။ ၃ ပုံ ၂ ပုံက ၆၅ နှစ်ကျော်သူတွေ ဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တာ တွေ့ရတယ်။ ယောက်ျားတွေက မိန်းမတွေထက် ဖြစ်နှုန်းမှာ ၂၅ ရာခိုင်နှုန်း ပိုပါတယ်။ အမျိုးသမီးတွေက သေဆုံးတာမှာ ၆ဝ ရာခိုင်နှုန်း ရှိတယ်။ ဒါဟာ အမျိုးသမီးတွေက သက်တမ်း ပိုရှည်ကြတာနဲ့ သွေးဆုံးတာတွေနဲ့ ဆက်စပ်နိုင်တယ်။ ကင်ဆာ၊ နာတာရှည် ကျောက်ကပ်ရောဂါ-အဆစ်နာရောဂါ ရှိနေသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးဖွားပြီးသူတွေမှာ ပိုဖြစ်တယ်။ Silent stroke (ဆိုင်းလင့်-စထုပ်ခ်) လူမသိ-သူမသိဖြစ်ခြင်း၊ ရောဂါလက္ခဏာတွေ မပေါ်ပေမယ့် ဦးနှောက်ကိုတော့ ထိခိုက်ပျက်စီးနေတာကိုခေါ်တယ်။ ၁၉၉၈ လေ့လာမှုတခုအရ အမေရိကားမှာ လူပေါင်း ၁၁ သန်း Stroke ဖြစ်တယ်။ ၇၇ဝဝဝဝ ယောက်ဟာ Silent strokes ဖြစ်ကြတယ်။ MRI လုပ်မှ အထဲမှာ Infarcts သွေးခဲ ဒါမှမဟုတ် Hemorrhages သွေးယိုနေတာကို သိရတယ်။ ခံစားပြီး ဖြစ်တာထက် ၅ ဆပိုတယ်။ အသက်ကြီးရင် ပိုဖြစ်တယ်။ Cryptogenic ဆိုတာ ဘာလို့လဲ မသိဘဲ ဖြစ်တာကို ခေါ်တယ်။ ၃ဝ-၄ဝ ရာခိုင်နှုန်း ရှိတယ်။ ဘာလို့ဖြစ်ကြသလဲ
  • စိတ်ဖိအားများခြင်းနဲ့ အရက်သောက်ခြင်းတွေဟာ ယောက်ျားတွေအတွက် (စထုပ်) ခေါ်တဲ့ ဦးနှောက်သွေးကြော ရုတ်တရက် မတော်တဆရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်ကြတယ်။
  • အိန္ဒိယနိုင်ငံမှာ (စထုပ်) ရတဲ့ လူနာပေါင်း ၂၉ဝ (ယောက်ျား ၂၁ဝ + မိန်းမ ၈ဝ) ကို လေ့လာခဲ့ရာကနေ တွေ့ရှိရတာ ဖြစ်တယ်။
  • ယောက်ျားတွေမှာ စိတ်ဖိအားများခြင်း (၁၈.၆ ရာခိုင်နှုန်း )၊ အရက်သောက်ခြင်း (၁၄.၈ ရာခိုင်နှုန်း)၊ ရောဂါပိုးဝင်ခြင်း (၉ ရာခိုင်နှုန်း)၊ ဒေါစိတ်ဖြစ်ခြင်း (၃.၃ ရာခိုင်နှုန်း)၊ ကေဖင်းသောက်များခြင်း (၈.၆ ရာခိုင်နှုန်း )၊ လိင်နဲ့ပတ်သက်ခြင်း (၂.၄ ရာခိုင်နှုန်း) ကြောင့်ဖြစ်ကြတယ်။
  • မိန်းမတွေမှာ စိတ်ဖိအားများခြင်း (၁၅ ရာခိုင်နှုန်း)၊ ဒေါစိတ်ဖြစ်ခြင်း (၆.၃ ရာခိုင်နှုန်း)၊ ရောဂါပိုးဝင်ခြင်း (၆.၃ ရာခိုင်နှုန်း)၊ ကေဖင်း သောက်များခြင်း (၅ ရာခိုင်နှုန်း) နဲ့ ခွဲစိတ်ကုသရခြင်း (၃.၈ ရာခိုင်နှုန်း) ဖြစ်ကြတယ်။
  • ကေဖင်းဆိုတာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ စတဲ့အရည်တွေဖြစ်တယ်။
  • အရင်က အသက်ကြီးမှဖြစ်တာများပေမယ့် အခု အသက်ငယ်သူတွေမှာလည်း ဖြစ်လာနေတယ်။
  • စိုးရိမ်စိတ်များတာ၊ စိတ်ဖိအားများတာနဲ့ ကြောက်စိတ်တွေဖြစ်လာပြီးနောက် ဒီရောဂါဖြစ်လာကြတတ်တယ်။
ဒီရောဂါဟာ ဦးနှောက်ကိုပေးပို့နေတဲ့ သွေးကြောလမ်းကြောင်းမှာ တခုခုမှားသွားရင် ဖြစ်လာစေတယ်။ ဦးနှောက်က သွေးမရတာကို စက္ကန့်ပိုင်းထက်ပိုပြီး မခံနိုင်ဘူး။ ဦးနှောက် (ဆဲလ်) တွေ သေကုန်တယ်။ ထိခိုက်မှုဟာ ရာသက်ပန် ဖြစ်တယ်။ အဓိက ၂ မျိုးရှိတယ်။ (၁) သွေးခဲလေးကနေ ကျဉ်းနေတဲ့ သွေးလွှတ်ကြောထဲမှာ ပိတ်နေတာကြောင့် ဖြစ်တာကို Thrombotic stroke ခေါ်တယ်။ (၂) ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေမှာရှိနေတဲ့ သွေးခဲက ကွဲထွက်ပြီး ဦးနှောက်ဆီကို ရောက်လာတာကြောင့် ဖြစ်တာကို Embolic stroke လို့ခေါ်တယ်။ ရောဂါဖြစ်နိုင်ခြေရှိသူတွေကတော့ -
  • သွေးတိုးရောဂါ၊
  • Atrial fibrillation နှလုံးခုန်မမှန်တာ၊
  • ဆီးချို၊
  • မိသားစုထဲမှာ အဲလိုဖြစ်သူရှိတာ၊
  • (ကိုလက်စထော) များနေတာ၊
  • အသက်ကြီးလာတာ၊ ၅၅ နှစ်ကျော်တာ၊
  • အသားမည်းဖြစ်တာ၊
  • နှလုံးရောဂါလည်း ရှိနေမယ်၊ ခြေထောက်ပိုင်းကို သွေးကြောတွေက ကျဉ်းလို့သွေးလျှောက်တာလဲ နှေးမယ်ဆိုရင်၊
  • လူအဝလွန်သူတွေ၊
  • အရက်သေစာ အသောက်များသူတွေ၊
  • အငန်နဲ့ အဆီစား များသူတွေ၊
  • ဆေးလိပ် သောက်သူတွေ၊
  • (ကိုကိန်း) နဲ့ တားမြစ်တားတဲ့ဆေးတွေကို သုံးသူတွေ၊
  • အသက် ၃၅ နှစ်ကျော်ပြီး ကိုယ်ဝန်တားဆေး သုံးသူအမျိုးသမီးတွေလည်း ဖြစ်နိုင်တယ်။
သွေးခဲကြောင့် ဖြစ်တာမှာ ၂ မျိုးရှိတယ်။ (၁) သွေးလွှတ်ကြောကြီးရောဂါ နဲ့ (၂) Sickle cell anemia သွေးအားနည်းရောဂါကနေ ဖြစ်စေတယ်။ သွေးလွှတ်ကြောတွေကို လာပိတ်စေနိုင်တာက Fat အဆီခဲ၊ Cholesterol (ကိုလက်စထော) နဲ့ ကင်ဆာ (ဆဲလ်) တွေ ဖြစ်နိုင်တယ်။ ဗက်တီးရီးယား ဥပမာ Infectious endocarditis နှလုံးရောဂါကနေ လာတာမျိုးကနေလည်း ဖြစ်တယ်။ Atrial fibrillation နှလုံးရောဂါကနေ ဖြစ်တာများတယ်။ Atrial or ventricular septal defect နှလုံးရောဂါတွေကနေလည်း လာမယ်။ Deep vein thrombosis အတွင်းထဲမှာရှိတဲ့ သွေးပြန်ကြောထဲကနေလည်း လာနိုင်တယ်။ အဆို့ရှင် အတုတပ်ထားတဲ့ နှလုံးကသွေးခဲဟာ ဦးနှောက်ကို လာပိတ်တာလည်း ဖြစ်နိုင်တယ်။ အဲလို တခြားနေရာက လာတာမျိုးအတွက် လာရင်းရောဂါကိုပါ ကုသရမယ်။ သွေးကြောကျဉ်းရာကနေဖြစ်ရင် Atherosclerotic plaque (ပလိပ်) ခေါ်တဲ့ Sticky substance ခပ်စေးစေးအရာ ဖြစ်လာတယ်။ ဦးနှောက်ထဲက သွေးလွှတ်ကြောလေးတွေ အားနည်းလာရင် ပေါက်ထွက်နိုင်တယ်။ သွေးယိုထွက်ပြီး Hemorrhagic stroke ဖြစ်မယ်။ ဘယ်လိုခံစားရမလဲ ဦးနှောက်ရဲ့ ဘယ်နေရာမှာ ဖြစ်သလဲအပေါ် မူတည်တယ်။ တချို့မှာ ဖြစ်တာမသိဘဲ နေတတ်တယ်။ ဖြစ်တာက ရုတ်တရက်ပဲ။ ဖြစ်စ ၁ ရက် ၂ ရက်မှာ ဖြစ်လိုက် ပေါ်လိုက်လည်း ဖြစ်နိုင်တယ်။ ပထမဆုံး အကြိမ်က ခံစားရတာ အပြင်းထန်ဆုံးပဲ။ ဒါပေမယ့် နောက်ဖြစ်ရင် ဆိုးဆိုးလာတော့မယ်။
  • ခေါင်းကိုက်မယ်။ ရုတ်တရက်ဖြစ်မယ်။ ပက်လက်လှဲချိန် ဖြစ်တယ်။ အိပ်ရာကနေ နိုးလာမယ်။ အနေအထား ပြောင်းတာနဲ့ ပိုဆိုးမယ်။
  • ခေါင်းမူးနေမယ်၊ အိပ်ချင်နေမယ်၊ သတိမကောင်းဖြစ်မယ်၊ သတိလစ်မယ်၊ နားကောင်းကောင်း မကြားဖြစ်မယ်၊ အရသာ မကောင်း ဖြစ်မယ်၊ စိတ်ရှုတ်ထွေးနေမယ်၊
  • နာတာ-ထိတာ-ဖိတာကို ခံစားမှု၊ အပူ-အအေးသိတာ အရင်လိုမဟုတ်ဖြစ်မယ်၊
  • အမျိုရခက်မယ်၊ စာအရေးရ အဖတ်ရခက်မယ်၊ ဆီး-ဝမ်းအသွားရ အထိန်းရခက်မယ်၊ ကိုယ်ကို ထိန်းမတ်လို့ မရဖြစ်မယ်၊ အပြန်အလှန်ထိန်းညှိ မကောင်းဖြစ်မယ်၊
  • မျက်နှာ-ခြေ-လက် ကြွက်သားတွေ အားနည်းမယ် (တဘက်တည်းဖြစ်တာ များတယ်)၊ ထုံ-ကျင်နေမယ် (တဘက်ထတည်းဖြစ်တာ များတယ်)၊ ကိုယ်ကို မထိန်းနိုင်တာ၊ လမ်းမလျှောက်နိုင်ဖြစ်မယ်။ ကိုယ်တခြမ်း လေဖြတ်တယ်လို့ ခေါ်တယ်။
  • စိတ်လှုတ်ရှားမှု-စိတ်ပုံစံ ပြောင်းမယ်၊ စကားပြောရခက်မယ်၊ သူများပြောတာကို နားမလည်ဖြစ်မယ်၊
  • မျက်ခွံအောက်ကျနေမယ်၊ မျက်စိကို လှုတ်မရဘူး၊ သူငယ်အိမ်ဟာ အလင်းရောင်ကို တုံ့ပြန်တာ နှေးမယ်၊ မျက်စိ အကြည့်ရခက်မယ်၊
  • နှလုံးခုန်-အသက်ရှူ မမှန်တာ၊
  • ခေါင်းကို တဖက်ဖက်ကို ကောင်းကောင်းလှည့်မရတာ၊
  • လျှာကိုကောင်းကောင်း အသုံးမချနိုင်ဘူး၊
  • မှတ်ဉာဏ်လျှော့မယ်။
စစ်ဆေးမှုတွေ
  1. Angiogram လုပ်ရင် ဦးနှောက်ထဲမှာ သွေးကြောပိတ်နေတာ၊ သွေးယိုနေတာ မြင်ရမယ်။
  2. Carotid duplex (Ultrasound) ရိုက်ရင် လည်ပင်းက Carotid arteries သွေးလွှတ်ကြော ကျဉ်းနေတာ မြင်ရမယ်။
  3. CT Scan of the brain နဲ့ MRI Scan of the brain တွေလုပ်နိုင်တယ်။
  4. MRA နဲ့ CT angiography လုပ်ရင် ဦးနှောက်ထဲက သွေလွှတ်ကြောတွေ ပုံမှန်မဟုတ်တာ မြင်ရမယ်။
  5. Bleeding time, Blood cholesterol and sugar, Blood clotting tests, CBC နဲ့ ECG တွေလည်း လုပ်နိုင်တယ်။
ဘယ်လိုကုသမလဲ တကယ့်အရေးပေါ်ဖြစ်တယ်။ ဆေးရုံတက် ကုသရမယ်။ အများဆုံး လူနာတွေဟာ ၃ နာရီအတွင်း ရောက်ကြတယ်။ သွေးခဲကြောင့် ဖြစ်တာဆိုရင် Thrombolytic therapy သွေးခဲကျေဆေး ချက်ချင်း ပေးရတယ်။ လူတိုင်းကိုတော့ မပေးရပါ။ ရောဂါလက္ခဏာစပြီး ၃ နာရီအတွင်းဆို ပေးနိုင်တယ်။ သွေးခဲလို့ မဟုတ်ဘဲ သွေးယိုလို့ ဖြစ်နေချိန်ဆိုရင် ဒီဆေးကြောင့် ပိုဆိုးစေမယ်။ သွေးခဲကြောင့် ဖြစ်တာအတွက် Blood thinners သွေးကျဲဆေးဖြစ်တဲ့ Heparin or Warfarin (Coumadin) ဆေးကိုလည်း သုံးတယ်။ Aspirin နဲ့ Clopidogrel (Plavix) တွေကိုလည်း ပေးနိုင်တယ်။ သွေးခဲပိတ်လို့ဖြစ်ရင် အချိန်လည်း မီမယ်ဆိုရင် Thrombolysis သွေးခဲကို ချေဖျက်နည်းနဲ့ Thrombectomy ခွဲစိတ်နည်းတွေ လုပ်နိုင်တယ်။ Medications ဆေးပေးနည်းမှာ Aspirin, Clopidogrel, Dipyridamole ဆေးတွေကို Platelets သွေးမှုံတွေစုပြီး သွေးမခဲအောင် လုပ်ပေးနိုင်တယ်။ Thrombolysis ဆိုတာ ဆေးနဲ့ သွေးခဲကို ချေဖျက်နည်း ဖြစ်တယ်။ tissue Plasminogen Activator (tPA) ဆေးမျိုး သုံးတယ်။ ချက်ချင်းဖြစ်တာအတွက် သုံးသင့်-မသင့် အယူအဆ မတူကြဘူး။ သွေးယိုတာအတွက် ခွဲစိတ်နည်း သုံးလို့ရတာလဲ ရှိတယ်။ Carotid artery လည်ပင်း-သွေးလွှတ်ကြောကို ခွဲစိတ်ရတာလဲ ရှိတယ်။ Mechanical thrombectomy စက်သုံးနည်းလဲ ရှိတယ်။ ချက်ချင်းဖြစ်တာအတွက် သုံးတယ်။ ပေါင်ခြံက Femoral artery သွေးလွှတ်ကြောထဲကို Catheter ပိုက်ငယ်လေးတခု ဦးနှောက် သွေးပေးစနစ်ထဲအထိ ထိုးသွင်းရတယ်။ Corkscrew-like device ကရိယာလေးကနေ သွေးခဲကို ဆုပ်ယူစေမယ်။ Angioplasty and stenting နည်းဆိုတာကလဲ ချက်ချင်း ဖြစ်တာကို သုံးတယ်။ ခေါင်းထဲမှာ သွေးယိုတာဖြစ်ရင် Neurosurgical evaluation လေ့လာမှုတွေ လုပ်ရမယ်။ သွေးယိုတဲ့ အကြောင်းကို ရှာပြီး ကုသရမယ်။ ခွဲစိတ်တာ သိပ်မလိုတတ်ဘူး။ သွေးတိုး ရှိနေချိန်မှာ သွေးကျဆေး ပေးရတယ်။ တချို့က အစာအာဟာရနဲ့ အရည်ဖြည့်ပေးဖို့ လိုမယ်။ ဆေးကုတာအပြင် (ဖီဇီကယ်သာရာပီ)၊ စကားပြောနည်း၊ လုပ်ငန်းဆိုင်ရာ ကုသနည်း၊ အစာမျိုနည်းတွေလည်း လိုနိုင်တယ်။ ရေရှည်အတွက် ဆက်လုပ်ပေးရတယ်။ ပြန်ပြီး နာလန်ထရေးနဲ့ နောင်မဖြစ်အောင်အတွက် လုပ်ရတယ်။ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ အစားအသောက်တွေ အသက်ရှူလမ်းထဲ ရောက်တာ၊ ဉာဏ် သုံးရတဲ့အလုပ် ချို့ယွင်းတာ၊ လိမ့်ကျတာ၊ မလှုပ်ရှားနိုင်တာ၊ ကိုယ်တခြမ်း၊ တချို့နေရာတွေ လေဖြတ်တာ၊ ကြွက်သားတွေ တောင့်တင်းနေတာ၊ အစာအာဟာရ မပြည့်ဝတာ၊ ဖိအားဒဏ်ကြောင့် အနာဖြစ်တာ၊ စကား ကောင်းကောင်းမပြောနိုင်တာ၊ နားမလည်တာ၊ တွေးတောတာ၊ အာရုံစိုက်တာ အားနည်းတာ။ ရောဂါလက္ခဏာတွေ ဆင်တူတိုင်းတော့ Stroke မဟုတ်ပါ။ Brain tumor ဦးနှောက်ကင်ဆာ၊ Subdural hematoma ဦးနှောက်အဖုံးလွှာအောက်မှာရှိတဲ့သွေးခဲ၊ ဗက်တီးရီးယား၊ မှိုကနေဖြစ်စေတဲ့ ဦးနှောက်ထဲမှာ ပြည်တည်နာ၊ ဗိုင်းရပ်စ် ဦးနှောက်ရောင်ရောဂါ၊ တချို့ဆေးတွေ များသုံး-ပေးတာ၊ Sodium, Calcium, Glucose ဓယတ်ဆားတွေ နည်းသွားတာတွေကနေ ခပ်ဆင်ဆင် ဖြစ်တတ်တယ်။ ဒုတိယအကြိမ် ထပ်မဖြစ်အောင် ၁. Anticoagulation သွေးမခဲဆေးနည်း သုံးတယ်။ Non-valvular atrial fibrillation ဖြစ်နေသူတွေဆိုရင် ဒီနည်းကြောင့် ၆ဝ ရာခိုင်နှုန်း သက်သာစေနိုင်တယ်။ Antiplatelet agents ကနေ ၂ဝ% လျှော့နည်းစေမယ်။ Embolic stroke ဖြစ်တာကို Anti-coagulation စောစောပေးလို့ ဘေးဖြစ်စေနိုင်တာကိုလဲ ထောက်ပြထားတယ်။ ၂. Carotid stenosis ဖြစ်နေရင် Carotid endarterectomy ခွဲစိတ်ပေးတာကလည်း အကျိုးများစေမယ်။ ၃. ဆေးလိပ်မသောက်ပါနဲ့၊ (ကိုလက်စထော) ထိန်းပါ၊ သွေးတိုးထိန်းပါ၊ ဆီးချိုထိန်းပါ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် တနေ့ နာရီဝက်လုပ်ပါ၊ ကိုယ်အလေးချိန် ထိန်းပါ၊ အရက်ဖြတ်ပါ-လျှော့ပါ၊ မူးယစ်ဆေးဝါး ဖြတ်ပါ၊ ၄. အစာအဟာရ မျှတပြည့်စုံပါစေ။ အသီး-အရွက်၊ အသီးအနှံစားပါ၊ အဆီး-အချို-အငန် လျှော့စားပါ၊ အဆီလွတ်အသား စားပါ၊ နို့ထွက်အစာတွေ လျှော့ပါ၊ ဆိုင်ဝယ်စား အစာတွေ သတိထားပါ၊ Saturated fat, Partially-hydrogenated နဲ့ Hydrogenated fats တွေ သတိထားပါ။ ၅. ကိုယ်ဝန်-တားဆေးသုံးရင် ဆရာဝန်ကို တိုင်ပင်ပါ၊ အလားအလာ အမျိုးအစား၊ ဘယ်လောက်ပျက်စီးသွားခဲ့သလဲ၊ ဘယ်နေရာတွေကို ထိခိုက်သွားသလဲ၊ ဆေးကုသမှုကို ဘယ်လောက်မြန်မြန် ရခဲ့သလဲ ဆိုတာတွေအပေါ် မူတည်ပြီး -
  • လုံးဝကောင်းတာနဲ့ တချို့အလုပ်တွေ ပြန်မကောင်းနိုင်တော့တာ ဖြစ်တယ်။ တဝက်မက လူနာတွေဟာ အိမ်မှာတင်နေနိုင်ပြီး အတော်ပြန်လုပ်နိုင်ကြတယ်။
  • Ischemic stroke ဖြစ်သူတွေက Hemorrhagic stroke ဖြစ်သူတွေထက် ကံကောင်းကြတယ်။
  • ဒုတိယအကြိမ် ထပ်ဖြစ်တာဟာ ပထမအကြိမ်နောက် လနည်းနည်းအကြာမှာ ဖြစ်တတ်တယ်။
  • Disability မသန်မစွမ်းဖြစ်တာ ၇၅ ရာခိုင်နှုန်း ရှိတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ထိခိုက်စေမယ်။
  • Post stroke depression စိတ်ဓါတ်ကျတာ ၃ဝ-၅ဝ ရာခိုင်နှုန်းမှာ ခံစားရမယ်။
  • Emotional lability ခံစားမှု အားနည်းသွားတာ ၂ဝ ရာခိုင်နှုန်း မှာ ဖြစ်စေတယ်။
  • Seizures တက်တတ်တာကို ၁ဝ ရာခိုင်နှုန်း မှာ ဖြစ်နိုင်တယ်။
ဒေါက်တာတင့်ဆွေ (စာရေးသူ၏ ဖေ့စ်ဘွတ်ခ်မှ ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)
6 years Ago

July 5, 2015

ဗိုက်ခွဲမွေးတာ တကယ်လိုသလား

မေးချင်တာလေး မေးပါရစေ။ အခုခေတ် အိုဂျီတိုင်းဟာ ရိုးရိုးမွေးမပေးချင်ကြဘူး။ အဲဒါ ဘာလို့လဲ။ ခွဲစိတ်ခ လိုချင်လို့လား။ ဒါမှမဟုတ် အချိန်ကုန် မခံချင်တာလား။ သူတို့မှာ စေတနာဆိုတာ မရှိဘဲ အသပြာနောက်ကိုပဲ လိုက်နေကြတာလား သိချင်တယ်။ နိုင်ငံခြားမှာက လိုအပ်မှပဲ ခွဲတယ်။ မြန်မာနိုင်ငံမှာက အိုဂျီတိုင်းက ခွဲတယ်။ ကျနော် အိုဂျီ မဟုတ်ပါ။ စေတနာဆိုတာ စိတ္တဇနာမ်ဖြစ်လို့ ဆုပ်ကိုင်ပြလို့ မရတာမို့ ရှိ၊ မရှိ ပြောဖို့ ခက်ပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာလည်း ခွဲမွေးဖို့ကို လိုတာထက်ပိုလုပ်နေကြတယ်။ ထိပ်ဆုံးနိုင်ငံ ၂ ခုကို ဥပမာပေးပါမယ်။ ဗြိတိန်မှာ အစိုးရကနေ အမျိုးသမီးတွေကို ကျန်းမာရေး အခမဲ့လုပ်ပေးတာမှာ အပြောင်းအလဲတချို့ လုပ်လိုက်တာမို့ ကလေးကို ဗိုက်ခွဲပြီး မွေးကြတာ ပိုများလာစရာအကြောင်း ရှိတယ်လို့ ၄-၁၁-၂ဝ၁၁ ကလာတဲ့သတင်းက ဆိုပါတယ်။ ယေဘုယျပြောရရင် ဗိုက်ခွဲမွေးတာဟာ စိတ်ချရတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် စီစီစဉ်စဉ် လုပ်ရရင် ပိုတောင်မှာ စိတ်ချနိုင်ပါတယ်။ လမ်းညွှန်ချက်တွေကို အခါအားလျော်စွာ ပြန်သုံးသပ်ပြီး အသစ်တွေ လုပ်နေတာပါ။ အခုလုပ်ရတာက ဘယ်က ဖိအားပေးလို့မှ မဟုတ်ပါ။ ဒါပေမယ့် ရှေ့နေတွေနဲ့ ဆရာဝန်တွေကပါ လက်ရှိ ဗြိတိန်ကျန်းမာရေး စောင့်ရှောက်မှုက အမျိုးသမီးတွေကို ကလေးမွေးတဲ့အရေးမှာ ကာယကံရှင်သဘော ပြောခွင့်ရတာ နည်းနေတယ်တဲ့။ မြန်မာပြည်မှာလည်း မထူးလောက်ပါ။ သူတို့ဆီမှာ ခန့်မှန်းချက်အရ ဗိုက်ခွဲမွေးပေးရတာဟာ ရိုးရိုးမွေးပေးရတာထက် ပေါင် ၈ဝဝ ပိုကုန်ကျပါတယ်။ မွေးလမ်းကနေ မွေးရာကနေ နောက်ဆက်တွဲ တခုခုဖြစ်သွားလို့ ဥပမာ ဆီးမလုံတာမျိုးအတွက် ကုသပေးရတဲ့စရိတ် မပါသေးဘူး။ အစီရင်ခံစာထဲမှာ တချက်ပါသေးတယ်။ တကယ်လို့ ဗိုက်ခွဲပေးရတဲ့ ရာခိုင်နှုန်း တမှတ်ကျတယ်ဆိုရင် ကျန်းမာရေးဌာနအတွက် ပေါင် ၅ ဒသမ ၆ ဘီလီယံ သက်သာတာ ဖြစ်တယ်။ မြန်မာပြည်မှာတော့ အစိုးရက မဟုတ်ဘဲ လူနာသာ ကုန်ကျရတယ်။ ယူကေမှာ အမျိုးသမီး ၂၅ ရာခိုင်နှုန်းဟာ ဗိုက်ခွဲမွေးကြတယ်။ အမေရိကားမှာ ၃ဝ ရာခိုင်နှုန်း ရှိတယ်။ ၂ နိုင်ငံလုံးမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဗိုက်ခွဲမွေးရတာ တိုးလာနေတယ်။ ဆရာဝန်တွေက ရှင်းပြတာကတော့ တောင်းဆိုလို့ ခွဲပေးရတာမို့ များလာတာ မဟုတ်ပါ။ မိခင်လောင်းတွေက ကိုယ်အလေးချိန်များလွန်လို့၊ ဆီးချိုရောဂါလည်း ရှိတာ များလာကြလို့ပါ။ ဗိုက်ခွဲမွေးရသူ ၁ဝ ရာခိုင်နှုန်းဟာ ရက်ရွေးပြီး ခွဲပေးရတာ ဖြစ်တယ်။ ၁၅ ရာခိုင်နှုန်းက အရေးပေါ် ခွဲပေးရတာ ဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နေ ဖြစ်သင့်တယ် ယူဆတာက ချမ်းသာတဲ့တိုင်းပြည်တွေမှာ ဗိုက်ခွဲမွေးနှုန်း ၁၅ ရာခိုင်နှုန်းလောက်ဖြစ်တယ်။ ဗြိတိန်မှာ ၁၅ ရာခိုင်နှုန်းလောက်က အပြင်ဆေးခန်းတွေမှာ ခွဲမွေးပြီး ရာခိုင်နှုန်းမြင့်မားတယ်။ နာမည်ကြီးသူတွေ လာမွေးတတ်တဲ့ ပို့တလင်းဆေးရုံမှာဆိုရင် ၃၅ ကနေ ၄ဝ ရာခိုင်နှုန်းအထိ ခွဲမွေးတယ်။ မိခင်ရော ကလေးပါ ကျန်းမာရင် မွေးလမ်းကနေ ကလေးမွေးရတာဟာ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုရှိတော့ ကလေးရဲ့အဆုတ်ကနေ မွေးတာနဲ့ အသက်ရှူစေအောင် အကူအညီ ပေးရာကျပါတယ်။ ခွဲမွေးရတာလည်း စိတ်ချနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သတိတော့ ထားရမှာပေါ့။ ပိုးဝင်တာ၊ သွေးယိုတာနဲ့ နောင် ကလေးရဖို့ဆိုတာတွေ ခေါင်းထဲထားရတယ်။ ဗိုက်ခွဲမွေးရင် အများဆုံး ၃ ခါထက်ခွဲလို့ မရပါ။ မွေးပြီး ကလေးတခုခုဖြစ်လို့နဲ့ ၃ ယောက်မက လိုချင်သူတွေက မကြာခဏ မေးကြပါတယ်။ ၃ ခါထက်တော့ လုပ်မပေးပါ။ အထောက်အကူ လူ၊ ပစ္စည်း၊ ငွေကြေး မပြည့်စုံတဲ့ အခြေအနေမှာ မွေးပေးရရင်လည်း အကောင်းဆုံး စောင့်ရှောက်မှုကိုသာ အဓိက ထားရမယ်။ စပါယ်ရှယ် လုပ်ချင်တာမျိုးတွေကိုတော့ ဘေးချိတ်ထားသင့်ပါတယ်။ ယူအက်စ်မှာလည်း အဲလိုလုပ်တယ်။ သုံးစွဲသူအစီရင်ခံစာတွေက ထောက်ပြကြတယ်။ ဆေးရုံတွေကနေ မလိုအပ်တဲ့ ဗိုက်ခွဲမွေးပေးတာ လုပ်နေကြပါသတဲ့။ ပြည်နယ် ၂၂ ခုမှာ လေ့လာမှု လုပ်ခဲ့တယ်။ အန္တရာယ်နည်း ကိုယ်ဝန်ကို ခွဲမွေးနှုန်း အလွန်များနေတယ်။ ဆေးရုံ ၃ ခုမှာ ၂ ခုလောက်က အဲဒီအမှတ် ရကြတယ်။ တကယ်ဆိုရင် ကိုယ်ဝန်ဆောင်အားလုံးထဲမှာ ၅၅ ရာခိုင်နှုန်းလောက်မှာ အန္တရာယ်နည်း ကိုယ်ဝန်အဆင့် ရှိပါတယ်။ ယူအက်စ်မှာရှိတဲ့ ဆေးရုံပေါင်း ၁၅ဝဝ ကို ၂ဝဝ၉ နဲ့ ၂ဝ၁၂ ကြားကာလတွက် လေ့လာထားတာ ဖြစ်ပါတယ်။ ဗိုက်ခွဲမွေးတာဟာ အသက်ကယ်ရာကျတာတော့ အမှန်ပါ။ ဒါပေမယ့် မိခင်အတွက်ရော ကလေးအတွက်ပါ အကောင်းဆုံးရွေးချယ်မှုလို့တော့ မပြောနိုင်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ၂ဝ၁ဝ ခုနှစ်မှာ အစီရင်ခံစာတခု ထုတ်ထားပါတယ်။ အပိုဆောင်းနဲ့ မလိုအပ်တဲ့ ဗိုက်ခွဲမွေးပေးခြင်း ကမ္ဘာလုံးဆိုင်ရာ အရေအတွက်နဲ့ ကုန်ကျစရိတ်လို့ ခေါင်းစဉ်ပေးထားပါတယ်။ နိုင်ငံပေါင်း ၅၄ ခုမှာ ဗိုက်ခွဲမွေးနှုန်းက ၁ဝ ရာခိုင်နှုန်းထက်နည်းကြပြီး ၆၉ နိုင်ငံမှာ ၁၅ ရာခိုင်နှုန်း အထက်မှာ ရှိတယ်။ ၁၄ နိုင်ငံမှာ ၁ဝနဲ့ ၁၅ ရာခိုင်နှုန်း ရှိကြတယ်။ ၂ဝဝ၈ ခုနှစ်တုန်းက ၃ ဒသမ ၁၈ သန်း ဗိုက်ခွဲမွေးပေးဖို့ လိုအပ်ခဲ့တယ်။ ၆ ဒသမ ၂ သန်းမှာ မလိုအပ်ဘဲ ခွဲမွေးပေးခဲ့တယ်။ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂  ဒသမ ၃၂ ဘီလီယံ အပိုကုန်ခဲ့တာဖြစ်တယ်။ လိုအပ်လို့ ခွဲဖို့က တကမ္ဘာလုံးမှာ ၄၃၂ သန်းဖြစ်တယ်။ မြန်မာပြည်မှာ ကိန်းဂဏန်းမရှိပါ။ ခွဲမွေးချင်သူတွေထဲမှာ မက်ဒေါနားတို့ ဗစ်တိုရီးယား ဘက်ခမ်တို့လည်း ပါတယ်။ ဒီလိုလူမျိုးတွေ လာမွေးရာကနေ အရပ်စကားတခု ပေါ်လာတယ်။ အလှမပျက်ချင်၊ ဗိုက်မညှစ်ချင်ကြသူတွေတဲ့ (Too posh to push)။ အမျိုးသမီးတဦး ဗိုက်ခွဲမွေးရတာဟာ ပန်းခြံထဲ လမ်းလျှောက်သလို သဘောထားပါ။ ဒါပေမယ့် သိသင့်သိထိုက်တာ မှန်သမျှတော့ ကြိုသိထားဖို့ လိုပါတယ်။ အိုဂျီတွေချည်းတော့ အပြစ်မတင်ပါနဲ့။ တချို့အိုဂျီတွေဆီက ဆွဲအားတော့ ရှိနိုင်ပါတယ်။ ဆေးသုတေသနတွေမှာ ထည့်မမေးတဲ့ မေးခွန်းတခုရှိတယ်။ အမျိုးသမီးတွေကလည်း ထုတ်မပြောကြပါ။ မွေးလမ်းကနေ ကလေးမွေးလို့ အိမ်ထောင်ရေးမှာ တစုံတရာ ထိခိုက်လေမလားဆိုတဲ့ စိုးရိမ်ချက်ဟာ အမှန်ရှိတာပါ။ လေးနက်ပါတယ်။ အဲဒီအချက်က လူနာဘက်ကနေပေးတဲ့ တွန်းအား ဖြစ်ပါတယ်။ ဒါပေမယ့် မွေးလမ်းကနေ ရိုးရိုးမွေးသူတွေ (ကီဂယ်လ်) လေ့ကျင့်ခန်းနဲ့ မျိုးပွားလမ်းက အင်္ဂါအစိတ်အပိုင်းတွေ ပြန်ပြီး သန်မာ အားကောင်းလာအောင် လုပ်နိုင်ကြပါတယ်။ မွေးလမ်းပြုပြင်နည်းတွေလည်း ရှိပါတယ်။ လိုချင်သလိုအထိ ပြင်လို့ရပါတယ်။ မြန်မာပြည်က မိခင်တွေ ရိုးရိုးကျင့် မြင့်မြင့်ကြံနိုင်ကြပါစေ။ ဒေါက်တာတင့်ဆွေ
6 years Ago
Up