အကျဉ်းကျအမျိုးသမီး

May 1, 2017

ကလေးမီးဖွားပြီး ထောင်မှထွက်ပြေးသွားခဲ့သည့် အကျဉ်းကျအမျိုးသမီးကို ရဲရှာဖွေနေ

ထိုင်းနိုင်ငံ၊ မောင်ခရိုင် အကျဉ်းထောင်တခုထဲမှာ အကျဉ်းကျ အမျိုးသမီးတဦးဟာ ဧပြီ ၃၀ ရက်နေ့က ကလေးမွေးဖွားခဲ့ပြီးနောက်မှာ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ရဲတွေက ရှာဖွေနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အသက် ၂၅ နှစ်အရွယ် ပွန်ဆီရိ ပွန်သနီဟာ သမီးမိန်းကလေးတဦးကို မွေးဖွားခဲ့ပြီးနောက်မှာ ဆေးရုံကနေ ထွက်ပြေးသွားခဲ့တာဖြစ်ပြီး သူဘယ်မှာရှိနေတယ်ဆိုတာကို  သဲလွန်စမရသေးဘူးလို့ ဖက်ချဘွန် အကျဉ်းထောင်မှ ထောင်မှူးကြီး အာဂျရီ ဆီရိဆူနာ ခရူရာက ပြောပါတယ်။ လက်ရှိမှာတော့ စီမံချက်နဲ့ ရဲတွေ၊ စစ်သားတွေနဲ့ အကျဉ်းထောင်တာဝန်ရှိသူတွေ ပူးပေါင်းပြီး သူ့ကို တွေ့ရှိနိုင်ဖို့ ရှာဖွေနေကြတာပါ။ ပွန်ဆီရိ ပွန်သနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံခဲ့ရအပြီး  ခရိုင်တရားရုံးက ထောင်ဒဏ် ၃ နှစ်ခွဲ ကျခံစေဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ အကျဉ်းကျနေချိန် သူ့မှာ ကိုယ်ဝန် ၅ လ လွယ်ပိုးထားခဲ့ရပြီး နေ့စေ့လစေ့ မွေးဖွားတော့မယ့် အချိန်မှာမှ ဒေသတွင်း ဖက်ချဘွန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ။ သူဟာ သမီးမိန်းကလေးတဦးကို ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် ဆေးရုံမှာ ၄ ရက်လောက် နေရဦးမှာဖြစ်ပြီး နောက်မှ ထောင်ဆီပြန်ပို့နိုင်ဖို့ စီစဉ်ထားခဲ့ကြတာပါ။ ပွန်ဆီရိ ပွန်သနီဟာ ကလေးကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့အတွက် အကျဉ်းထောင် တာဝန်ရှိသူတွေဆီက ခွင့်ပြုချက်တောင်းခံဖို့ ကြိုးစားခဲ့ပြီး သူ့ကိုစောင့်နေတဲ့ လုံခြုံရေးတွေကို အဝတ်လဲစရာရှိလို့ အခန်းအပြင်က စောင့်နေပေးဖို့ တောင်းဆိုခဲ့တာပါ။ အခန်းထဲကို ဝင်သွားခဲ့ပြီး နာရီဝက်လောက်ကြာတဲ့အထိ ထွက်မလာတော့ချိန်မှာတော့ လုံခြုံရေးဝန်ထမ်းတွေက သံသယဖြစ်လာပြီး အခန်းထဲဝင်ကြည့်ခဲ့ချိန်မှာ သူမ အခန်းထဲမှာ ရှိမနေဘဲ ပျောက်ဆုံးနေတာပါ။ ဆေးရုံအခန်းတွင်း ဘေးခန်းကနေတဆင့် သူမ လွတ်မြောက်သွားခဲ့တာဖြစ်ပြီး ဆေးရုံ စီစီတီဗွီကင်မရာကနေ ရှာဖွေခဲ့ချိန်မှာတော့ မသင်္ကာစရာ အမျိုးသားတဦးကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ မွေးကင်းစ ကလေးငယ်ကိုတော့ ပွန်ဆီရိ ပွန်သနီရဲ့ မိခင်ဖြစ်သူဆီကို ပို့ဆောင်ထားခဲ့ပြီး နီးစပ်ရာ ဆွေမျိုးသားချင်းတွေကို သူပြန်ဆက်သွယ်အဖမ်းခံဖို့ ဖျောင်းဖျပြောဆိုခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up