အက်ဒီအန်ခီးတီးယား

September 13, 2020

လေ့ကျင့်ရေးကွင်းက ပြဿနာပြီးဆုံးသွားပြီဟု ဆီဘယ်ယော့ ထုတ်ဖော်ပြောဆို

လေ့ကျင့်ရေးကွင်းမှာ ပြဿနာဖြစ်ပွားခဲ့တဲ့ အာဆင်နယ် ကွင်းလယ်လူ ဒန်နီဆီဘယ်ယော့နဲ့ တိုက်စစ်မှူး အက်ဒီအန်ခီးတီးယားတို့ဟာ လက်ရှိအခြေအနေမှာ ပြေလည်မှုပြန်လည်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမတိုင်ခင် လေ့ကျင့်ရေးကွင်းမှာ ငြိခဲ့ကြတာ ဖြစ်ပါတယ်။  လေ့ကျင့်ရေး အစီအစဉ်မှာ ကစားသမား ၂ ဦးဟာ ပထမအကြိမ်မှာ စကားလုံးတွေနဲ့ အပြန်အလှန် အော်ဟစ်အပြစ်တင်ခဲ့ကြတာ ဖြစ်ပြီး ဒုတိယအကြိမ်မှာတော့ အပြန်အလှန် တွန်းထိုးမှုတွေ ရှိခဲ့ကြတာကြောင့် နည်းပြအဖွဲ့ဝင်တွေက သူတို့ကို လူစုခွဲခဲ့ရပါတယ်။ ဖူလ်ဟမ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကစားသမား ၂ ဦးစလုံးဟာ အရန်ခုံမှာ ရှိနေခဲ့ကြပြီး ပွဲအပြီးမှာတော့ စပိန်ကွင်းလယ်လူ ဆီဘယ်ယော့က အန်ခီးတီးယားနဲ့ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေတဲ့ပုံကို သူရဲ့အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ နှစ်ဦးသား ရယ်မောနေတဲ့ပုံနဲ့အတူ ‘ကျနော်တို့ညီအစ်ကိုတွေကြားမှာ ဘာပြဿနာမှ မရှိပါဘူး’ ဆိုတဲ့စာကိုလည်း ရေးသားခဲ့ပါတယ်။  ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖူလ်ဟမ်နဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်နည်းပြ အာတီတာကို မေးမြန်းခဲ့ရာမှာ သူ ကွင်းထဲမှာ ရှိမနေဘဲ အထဲရောက်နေလို့ ဒီဖြစ်ရပ်ကို မသိခဲ့ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။  BT Sport ရုပ်သံလိုင်းမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ ဖာဒီနန်ကတော့ ဒီလိုဖြစ်ရပ်မျိုးဟာ လေ့ကျင့်ရေးကွင်းထဲမှာ အမြဲတမ်းမြင်တွေ့ရလေ့ရှိတဲ့အရာပဲလို့ ပြောပါတယ်။  ဒါဟာ အသင်းအတွက် လိုအပ်တဲ့ စိတ်အားထက်သန်မှု အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့လည်း ဖာဒီနန်က သုံးသပ်ခဲ့ပြီး “ဒီလိုအခြေအနေမျိုးကို လေ့ကျင့်ရေးကွင်းမှာ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလိုကိစ္စတွေကြောင့် အာတီတာဟာ စိတ်ပျက်နေမယ်လို့တော့ ကျနော် မထင်ပါဘူး” လို့ ပြောပါတယ်။ 
1 year Ago
Up