အက်ဇီကွီရယ်ဂါရေး

A d v e r t i s e m e n t With Us

March 16, 2020

ဗလင်စီယာ ကစားသမားနှင့် ဝန်ထမ်း ၅ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဗလင်စီယာ ကစားသမားနဲ့ ဝန်ထမ်း ၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိရပေမယ့် ကျန်းမာရေး အခြေအနေဟာ ကောင်းမွန်တဲ့အနေအထားမှာ ရှိနေတယ်လို့ ကလပ်အသင်းက ထုတ်ပြန်ပါတယ်။  အသင်းရဲ့ အာဂျင်တီးနား နောက်ခံလူ အက်ဇီကွီရယ်ဂါရေးဟာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ပထမဆုံးသော လာလီဂါ ကစားသမား ဖြစ်လာခဲ့ပြီး ဗိုင်းရပ်စ်ရှိနေပြီလို့ မတ် ၁၅ ရက်က အတည်ပြုပါတယ်။ ဥရောပ ထိပ်တန်းလိဂ်တော်တော်များများဟာ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် အသီးသီး ရပ်နားခဲ့ရပြီး စပိန် လာလီဂါဟာလည်း ကြာသာပတေးနေ့မှာ ရပ်နားခဲ့ရပါတယ်။  ရီးရဲလ်မက်ဒရစ် အသင်းသားတွေ သီးသန့်ခွဲခြားနေထိုင်မှု စတင်ခဲ့ပြီးနောက် အခုလို ရပ်နားခဲ့တာလည်း ဖြစ်ပါတယ်။  စပိန်နိုင်ငံဟာ အီတလီနိုင်ငံပြီးနောက် ဥရောပဒေသရဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အဆိုးရွားဆုံးနိုင်ငံ ဖြစ်နေပြီး အီတလီနိုင်ငံကတော့ တနိုင်ငံလုံးကို ပိတ်ဆို့ထားပြီလို့ မတ် ၁၆ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။   “၂၀၂၀ ပြည့်နှစ်ကတော့ ကျနော်အတွက် အဆိုးရွားဆုံးပါပဲ။ ကျနော် နေလို့ကောင်းနေပြီး ကျန်းမာရေးအရာရှိတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကာ အိမ်မှာ သီးသန့်နေထိုင်နေပါတယ်” လို့ အသက် ၃၃ နှစ်အရွယ် ဂါရေးက သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဗလင်စီယာအသင်းဘက်ကလည်း ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အသင်း ကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံး သူတို့အိမ်မှာ သီးသန့်နေထိုင်နေကြပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ထုတ်ပြန်ထားပါတယ်။ “‌ကောင်းမွန်တဲ့စိတ်ထား၊ တာဝန်သိမှုနဲ့ စည်းလုံးမှုရှိရင် ဒီဗိုင်းရပ်စ်အန္တရာယ်ကို တွန်းလှန်နိုင်ဖို့ ယုံကြည်ချက်ရှိပါတယ်” လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ် ဘောလုံးအသင်းနဲ့ ဘက်စ်ကတ်ဘောအသင်းတို့ဟာ လေ့ကျင့်ရေး အသုံးအဆောင်တွေကို အတူတကွ အသုံးပြုကြတာဖြစ်ပြီး ဘက်စကတ်ဘော အသင်းသားတဦးမှာလည်း  ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာကြောင့် အသင်းသားတွေကိုပါ သီးသန့်နေထိုင်ဖို့ ညွှန်ကြားခဲ့တာပါ။
12 months Ago
Up