ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူဒါတေက အကျင့်ပျက်ခြစားတဲ့ အရာရှိတွေကို ပျံသန်းနေဆဲ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ချမယ်လို့ ခြိမ်းခြောက်လိုက်ပြီး သူ့အုပ်ချုပ်မှုအောက်မှာ မူးယစ်ရာဇာတွေကို သတ်မယ်လို့လည်း ပြောလိုက်ပါတယ်။
ကာမာရင်းဆာရ်ခရိုင်က တိုင်ဖွန်းမုန်တိုင်းသင့် ဒေသခံတွေဆီ သွားရောက်လည်ပတ်ချိန် ဒီဇင်ဘာ ၂၇ ရက်က ခုလို ပြောလိုက်တာပါ။
သူဟာ ဒါဗာအိုမြို့တော်ဝန်ဘဝက အမျိုးသမီးတဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ တရုတ်လူမျိုးတယောက်ကို ရဟတ်ယာဉ်ပေါ်ကနေ ပစ်ချဖူးတယ်လို့လည်း ပြောပါတယ်။
ဒါဗာအိုမြို့တော်ဝန်ဘဝ အနှစ် ၂၀ အတွင်း ရာဇဝတ်သားတွေကို ကိုယ်တိုင်သတ်ဖူးတယ်၊ သတ်ဖို့လည်း ဆိုင်ကယ်တစီးနဲ့ ကိုယ်တိုင်လိုက်ဖူးတယ်လို့ ဒူဒါတေက အရင်က ပြောခဲ့ပြီးပါပြီ။
မက်တာဖက်တမင်း စိတ်ကြွဆေး ကီလို ၅၆၀ ကျော် လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းထားတဲ့ သံသယရှိသူ ၆ ဦးကို သူကိုယ်တိုင်သတ်မယ်လို့ ဒူဒါတေက ဒီဇင်ဘာ ၂၄ ရက်နေ့က ပြောခဲ့ပါသေးတယ်။
ဇူလိုင်လမှာ ဒူဒါတေ သမ္မတ ဖြစ်လာပြီးတည်းက ခုထိ မူးယစ်နှိမ်နင်းမှုအတွင်း လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
သေဆုံးသူ ၃ ပုံတပုံက ရဲစီးနင်းမှုအတွင်း အသတ်ခံရတာဖြစ်ပြီး ကျန်တဲ့လူတွေကတော့ ကိုယ်ထူကိုယ်ထ လုံခြုံရေးအဖွဲ့ဝင်တွေက စစ်မေးနေချိန်မှာ သေဆုံးတာ ဖြစ်ပါတယ်။
6 years Ago