အက်ဒေါ့ကိုကုမ္ပဏီ

January 18, 2016

အက်ဒေါ့ကိုကုမ္ပဏီ မြန်မာနိုင်ငံ၌ တာဝါတိုင် ၅၀၀၀ တည်ဆောက်မည်

မလေးရှားအခြေစိုက် အက်ဒေါ့ကို (Edotco) ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လာမယ့် သုံးနှစ်အတွင်း ကန်ဒေါ်လာ သန်း၂၀၀ ရင်းနှီးမြှုပ်နှံပြီး ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၅၀၀၀ ကျော် တည်ဆောက်သွားမယ်လို့ ကြေညာပါတယ်။ အက်ဆီတာ အာရှဒေသတွင်း ဆက်သွယ်ရေးကုမ္ပဏီ လက်အောက်ခံ အက်ဒေါ့ကိုဟာ ဒီဂျစ်ဆဲလ်မြန်မာ ဖက်စပ်ကုမ္ပဏီဆီကနေ ရင်းနှီးမြှုပ်နံမှု အမေရိကန်ဒေါ်လာ ၂၂၁ သန်း တန်ဖိုးရှိတဲ့ အစုရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ရရှိထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ သဘောတူညီခဲ့ကြတာပါ။ အက်ဒေါ့ကိုအနေနဲ့ ဒီစီမံကိန်းမှာ မဟာဗျူဟာစီမံချက်အနေနဲ့ ပြည်တွင်းကုမ္ပဏီတခုဖြစ်တဲ့ ရိုးမဟိုးလ်ဒင်းနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အမှုဆောင်အရာရှိချုပ် ဆူရက်ဆစ်ဒ်ဟူက ပြောပါတယ်။ သူက “ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ အရည်အသွေးမြင့် ဆက်သွယ်ရေး နည်းပညာကွန်ရက်တခုကို တည်ဆောက်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်” လို့ ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်တည်းက ဆက်သွယ်ရေးလိုင်စင် ရရှိထားခဲ့ကြတဲ့ တယ်လီနောနဲ့ အူရီဒူးတို့လို ဆက်သွယ်ရေးကုမ္ပဏီကြီးတွေက သူတို့ရဲ့ ဆက်သွယ်ရေးကွန်ရက်တွေ တိုးချဲ့ကြပြီးနောက်မှာ အရှေ့တောင်အာရှဒေသရဲ့ အကြီးမားဆုံး ဆက်သွယ်ရေး တည်ဆောက်မှုဆိုင်ရာ ဈေးကွက်ဖြစ်လာတယ်လို့ Mobileworldlive သတင်းမှာ ဖော်ပြပါတယ်။ အက်ဒေါ့ကိုအနေနဲ့တော့ ခုလို မြန်နှုန်းနဲ့ဆိုရင် လာမယ့် ၂၀၂၄ ခုနှစ်အရောက်မှာ တာဝါတိုင်အရေအတွက်ဟာ ၈၀၀၀ ကနေ ၃၀၀၀၀ နီးပါးထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။ အက်ဒေါ့ကိုဟာ အာရှဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၁၆၀၀၀ ကျော် ပိုင်ဆိုင်ထားပါတယ်။
7 years Ago
Up