အက်သလက်တီကိုမက်ဒရစ်

June 19, 2019

တီကိုကွင်းလယ်လူ ရိုဒရီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် မန်စီးတီး နီးစပ်နေ

မန်စီးတီးအသင်းဟာ အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ရိုဒရီကို  ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ စပိန်လက်ရွေးစင် ရိုဒရီဟာ အက်သလက်တီကိုမက်ဒရစ် အသင်းမှာ ခြေစွမ်းပြ ကစားနေသူဖြစ်ပြီး ဖာနန်ဒင်ဟိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ကြိုးပမ်းနေတာပါ။ အသက် ၂၂ နှစ်ရှိ ရိုဒရီဟာ အသင်းနဲ့ စာချုပ်လျော်ကြေးအဖြစ် ပေါင် ၆၃ သန်း သတ်မှတ်ထားတာကြောင့် မန်စီးတီးအသင်းက စာချုပ်လျော်ကြေးပေးချေပြီး ခေါ်ယူဖို့ ကြိုးပမ်းလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မန်စီးတီးအသင်းဟာ ကလပ်အသင်း သမိုင်းတလျှောက် ပြောင်းရွှေ့ကြေး အများဆုံးအဖြစ် လက်စတာက မာရက်ဇ်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူထားတာဖြစ်ပြီး ရိုဒရီကို ခေါ်ယူခဲ့မယ်ဆိုရင် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်လာမှာပါ။ ရိုဒရီဟာ ၂၀၁၈ ခုနှစ်က ဗီလာရီးရဲလ်အသင်းမှာ ကစားပြီး မနှစ်က အက်သလက်တီကို အသင်းကို ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း ၄၇ ပွဲမှာ ၃ ဂိုးသွင်း ၁ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။
2 years Ago

June 3, 2019

ဂရစ်ဇ်မန်းကို ခေါ်ရန် ကြိုးပမ်းခဲ့သည့် ဘာစီလိုနာကို ဥပဒေအရ တိုင်ကြားမည်

အန်တိုနီယိုဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ဖို့ အားထုတ်ကြိုးပမ်းခဲ့တဲ့ ဘာစီလိုနာအသင်းကို ဥပဒေအရ တိုင်ကြားသွားဖို့ရှိတယ်လို့ အက်သလက်တီကိုမက်ဒရစ် အသင်းက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ပုံပြင်တပုဒ်လို ဖြစ်နေခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့ ဘာစီလိုနာအသင်းထံ အပြောင်းအရွှေ့ဟာ မကြာသေးခင်က အပြီးသတ်နိုင်ခဲ့ပြီး ပေါင် ၁ဝ၆ သန်းလောက်နဲ့ ကတ်တလန် အခြေစိုက် အသင်းဆီ ရောက်ရှိဖို့ သေချာသလောက် ဖြစ်နေပါတယ်။ အက်သလက်တီကိုအသင်းကတော့ ဘာစီလိုနာအသင်း အနေနဲ့ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ပုံစံကို ကျေနပ်ပုံမရတာကြောင့် တိုင်ကြားဖို့ စဉ်းစားနေတာလို့ သိရပါတယ်။ ပြင်သစ်လက်ရွေးစင် ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၈ နွေရာသီ အပြောင်းအရွှေ့မှာတည်းက ဘာစီလိုအသင်းကို ရောက်ဖို့ အခြေအနေ ကောင်းခဲ့ပေမယ့် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး မြင့်မားမှုကြောင့် အက်သလက်တီကို အသင်းမှာပဲ ဆက်ကစားခဲ့ရတာပါ။ ဂရစ်ဇ်မန်းသာ ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့မယ်ဆိုရင်တော့ အဝတ်လဲခန်း အတွင်းမှာ အုပ်စုနှစ်စု ကွဲသွားနိုင်တဲ့ အခြေအနေတွေ ရှိနေသလို နှစ်ဖက် အသင်းပရိသတ်တွေရဲ့ အမျက်ဒေါသကို တမျိုးစီ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကတည်းက ဘာစီလိုနာအသင်းကို ရောက်ဖို့ နီးစပ်ခဲ့တဲ့ ဂရစ်ဇ်မန်းကို ဘာစီလိုနာ ကစားသမားတချို့က မခေါ်ယူစေချင်ဘူးလို့ သိရပေမယ့် ခရိုအေးရှား ကွင်းလယ်လူ ရာကီတစ်ကတော့ ဂရစ်ဇ်မန်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားတဲ့အချိန်မှ ကြိုက်နှစ်သက်သွားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းကစားသမားဖြစ်လို့ အသင်းမှာ မြင်တွေ့လိုတယ်လို့ ပြောပါတယ်။
2 years Ago
More News
Up