အက်သလက်တီကိုမက်ဒရစ်ကို ချဲလ်ဆီး ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

September 28, 2017

အက်သလက်တီကိုမက်ဒရစ်ကို ချဲလ်ဆီး ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

ချန်ပီယံလိဂ် အုပ်စု စီ ပွဲစဉ်အဖြစ် စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ ပရီးမီးယားလိဂ်ထိပ်သီး ချဲလ်ဆီးတို့ မနေ့ညက ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲရဲ့ အဖွင့်ဂိုးကိုတော့ အက်သလက်တီကိုက ရရှိခဲ့တာဖြစ်ပြီး ပွဲချိန် မိနစ် ၄၀ မှာ ပယ်နယ်တီမှတဆင့် တိုက်စစ်မှူး ဂရစ်ဇ်မန်းက သွင်းယူပေးခဲ့တာပါ။ ပထမပိုင်းမှာ ချဲလ်ဆီးအသင်းရဲ့ ထိုးဖောက်ကန်သွင်းမှု တိုင်ထိထွက်တာ၊ တီကို ဂိုးသမားနဲ့ နောက်တန်းလူတွေ ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးမရဘဲ ဖြစ်ခဲ့တာပါ။ ဒီပွဲမှာ နှစ်ဘက်ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ဧည့်သည် ချဲလ်ဆီးအသင်းက အသာရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုးကို တိုက်စစ်မှူး မိုရာတာက ၅၉ မိနစ်မှာ သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ လူစားဝင်တိုက်စစ်မှူး ဘတ်ရှူးအာယီက သွင်းယူပေးခဲ့ပါတယ်။ မနေ့က အစောပိုင်းယှဉ်ပြိုင်တဲ့ အုပ်စုစီက အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်နဲ့ အီတလီကလပ် ရိုးမားတို့ ပွဲစဉ်မှာတော့ ရိုးမားက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီအုပ်စုက နှစ်ပွဲစီ ယှဉ်ပြိုင်အပြီးမှာတော့ ချဲလ်ဆီးက နှစ်ပွဲစလုံး အနိုင်ရပြီး ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ရိုးမားအသင်းကတော့ တပွဲနိုင် တပွဲသရေ ရမှတ် ၄ မှတ်နဲ့ အုပ်စု ဒုတိယ၊ အက်သလက်တီကိုက ရမှတ် ၁ မှတ်နဲ့ အုပ်စု တတိယ၊ ကာရာဘတ်ကတော့ အမှတ်မရသေးဘဲ အုပ်စုအောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago
Up