ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြဆာရီအပေါ်မှာ စိတ်ရှည်ပေးဖို့လိုတယ်လို့ နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်က ပြောကြားသွားပါတယ်။
စကိုင်းစပေါ့ရဲ့ မန်းဒေးနိုက်ဖွတ်ဘော အစီအစဉ်မှာ အက်ရှ်လေကိုးလ်က ပြောကြားလိုက်တာပါ။
အီတလီနည်းပြ ဆာရီဟာ ဘုန်းမောက်ကို ၄ ဂိုးပြတ် ရှုံးနိမ့်မှုကြောင့် ထုတ်ပယ်ခံရမယ်လို့ ရေးပန်းစားခဲ့ပေမယ့် ဟတ်ဒါဖီးလ်နဲ့ပွဲမှာ နိုင်ပွဲပြန်ရခဲ့လို့ ဖိအားလျော့ခဲ့တာ ဖြစ်ပါတယ်။
အီတလီနည်းပြ ဆာရီရဲ့ အကောင်းဆုံးအချိန်ရောက်ဖို့ အချိန်လိုအပ်ပြီး တချိန်မှာတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အီတလီကစားဟန်ကို ယူဆောင်လာနိုင်မယ်လို့ ထင်ကြောင်း အက်ရှ်လေကိုးလ်က ပြောကြားသွားတာပါ။
ဒါ့အပြင် ချဲလ်ဆီးအသင်းအနေနဲ့ အောင်မြင်မှုရချင်တယ်ဆိုရင် ဟာဇက်ကို ဒဏ်ရာမရအောင် ကာကွယ်သွားဖို့လိုပြီး ဟာဇက်က ပွဲတိုင်းမှာ အကောင်းဆုံး ကစားနိုင်သူ ဖြစ်တယ်လို့ အက်ရှ်လေကိုးလ်က ချီးကျူးပြောကြားသွားခဲ့ပါတယ်။
အသက် ၃၈ နှစ်ရှိ အင်္ဂလန်နောက်ခံလူ အက်ရှ်လေကိုးလ်ဟာ ၂၀၁၄ ခုနှစ်မှာ ချဲလ်ဆီးကနေ ထွက်ခွာပြီးနောက်ပိုင်း ရိုးမား၊ အယ်လ်အေဂလက်ဆီ အသင်းတွေမှာ ဆက်ကစားခဲ့ပါတယ်။
အဲဒီနောက် အခုနှစ် ဇန်နဝါရီကမှ အသင်းဖော်ဟောင်း လမ်းပတ် ကိုင်တွယ်နေတဲ့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းဆီ ပြောင်းရွှေ့ကစားနေတာ ဖြစ်ပါတယ်။
4 years Ago