အက်ဖ်အေဖလား ပဉ္စမအကျော့မဲခွဲ၊ ပရီးမီးယားလိဂ် အသင်းကြီးများ ပွဲချောင်

January 30, 2018

အက်ဖ်အေဖလား ပဉ္စမအကျော့မဲခွဲ၊ ပရီးမီးယားလိဂ် အသင်းကြီးများ ပွဲချောင်

အင်္ဂလန် အက်ဖ်အေဖလား ပဉ္စမအကျော့ မဲခွဲပွဲကို ဇန်နဝါရီ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ရာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ အချင်းချင်းတွေ့ဆုံမှု မရှိဘဲ ပွဲချောင်ခဲ့ပါတယ်။ မဲခွဲမှုအရ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးက ဝီဂန်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး နာမည်ကြီး မန်ယူကတော့ ဟတ်ဒါဖီးလ်-ဘာမင်ဂမ် ပြန်ကန်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ ချဲလ်ဆီးက ဟားလ်စီးတီး၊ လက်စတာက ရှက်ဖီးယူနိုက်တက်၊ ဘရိုက်တန်က ကိုဗင်ထရီ၊ ရှက်ဖီးဝမ့်စ်ဒေးက နော့စ်ကောင်တီ-ဆွမ်ဆီးပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ အသီးသီး တွေ့ဆုံနေပြီး ပရီးမီးယားလိဂ် အသင်းအချင်းချင်းအဖြစ် ဝက်စ်ဘရွန်းနဲ့ ဆောက်သမ်တန်တို့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတသင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးကလည်း နယူးပို့တ်အသင်းနဲ့ ပထမအကျော့မှာ သရေကျခဲ့တဲ့အတွက် ပြန်ကန်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ တဖက်က ပြန်ကန်ပွဲစဉ်ဖြစ်တဲ့ မီဝေါလ်-ရော့ခ်ျဒေးလ်တို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ အရှုံးအနိုင် အဖြေမပေါ်ဘဲ သရေကျခဲ့လို့ ပြန်ရမယ့်ပွဲစဉ် လေးပွဲရှိပြီး အဲဒီပွဲစဉ်တွေကို လာမယ့် ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားဖို့ သတ်မှတ်ခဲ့ပါတယ်။ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွေကို လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး အခုနှစ် ဗိုလ်စွဲမယ့်အသင်းအဖြစ် မန်စီးတီးက ရေပန်းစားနေပါတယ်။
4 years Ago
Up