အက်ဖ်အေဖလား ဆီမီးဖိုင်နယ်

April 21, 2018

ထိပ်သီးသုံးသင်း အပြိုင်နွှဲမည့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်

ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြိုင်ပွဲတပွဲဖြစ်တဲ့ အင်္ဂလန် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဒီအပတ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီနှစ် ဆီမီးဖိုင်နယ်ကို ပရီးယားလိဂ် ထိပ်သီးသုံးသင်းဖြစ်တဲ့ မန်ယူ၊ ချဲလ်ဆီး၊ စပါးအသင်းတို့နဲ့အတူ ဒီရာသီ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဆောက်သမ်တန်တို့ တက်ရောက်ခဲ့ပြီး မန်ယူနဲ့ စပါး၊ ချဲလ်ဆီးနဲ့ ဆောက်သမ်တန်တို့ ထိပ်တိုက် တွေ့ဆုံနေတာပါ။ ဧပြီ ၂၁ ရက် မြန်မာစံတော်ချိန် ည ၁၀း၄၅ နာရီမှာ မန်ယူနဲ့ စပါး၊ ဧပြီ ၂၂ ရက် မြန်မာစံတော်ချိန် ည ၈း၃၀ နာရီမှာ ချဲလ်ဆီးနဲ့ ဆောက်သမ်တန်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မန်ယူ-စပါး ထိပ်သီးနှစ်သင်းရဲ့ တလုံးတည်းသော ဖလားမျှော်လင့်ချက် အက်ဖ်အေဖလားမှာ အအောင်မြင်ဆုံး ငါးသင်းထဲပါတဲ့ မန်ယူနဲ့ စပါးတို့ရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်လာဖို့ ရှိနေပါတယ်။ မန်ယူဟာ အက်ဖ်အေဖလား ၁၂ ကြိမ် ဗိုလ်စွဲထားပြီး ၁၃ ကြိမ် ဗိုလ်စွဲထားတဲ့ အာဆင်နယ်ရဲ့အောက် ဒုတိယနေရာမှာ ရှိနေတာပါ။ အခုတကြိမ်သာ ဗိုလ်စွဲခဲ့မယ်ဆိုရင် အာဆင်နယ်ရဲ့ စံချိန်ကို လိုက်မီနိုင်မှာလည်း ဖြစ်ပါတယ်။ စပါးအသင်းကတော့ အက်ဖ်အေဖလားမှာ ၈ ကြိမ် ချန်ပီယံဖြစ်ထားပြီး တတိယ အအောင်မြင်ဆုံးအသင်း ဖြစ်ပါတယ်။ ဒီနှစ်သင်း လက်ရှိအနေအထားအရ ပရီးမီးယားလိဂ်မှာ မန်ယူက အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး စပါးကတော့ မန်ယူနဲ့ ၆ မှတ်ကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။ နှစ်သင်းစလုံး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် ထိပ်ဆုံးလေးသင်းထဲ ဆက်လက်ရပ်တည်နိုင်ရေး ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ တပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ မှာ မြို့ခံပြိုင်ဘက် မန်စီးတီးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူထားခဲ့ပေမယ့် ပွဲစဉ် ၃၄ မှာတော့ အမှတ်ပေးဇယားအောက်ဆုံးက ဝက်စ်ဘရွန်းအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲစဉ်မှာတော့ အဓိက ကစားသမားတချို့ အနားပေးပြီး ယှဉ်ပြိုင်ခဲ့ပေမယ့် ၂ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ စပါးအသင်းကလည်း နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲမှာ စတုတ်ကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့နိုင်ခဲ့ပေမယ့် မန်စီးတီးကို အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံး၊ ဘရိုက်တန်ကို အဝေးကွင်းမှာ ၁ ဂိုးစီသရေရလဒ် ရအောင်ပဲ ကစားနိုင်ခဲ့တာပါ။ ဒီနှစ်သင်း အခုရာသီ ပရီးမီးယားလိဂ်မှာ တွေ့ဆုံခဲ့စဉ်တုန်းကတော့ မန်ယူက အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို စပါးကလည်း အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ပြန်ပြီး အနိုင်ရခဲ့တဲ့အတွက် အိမ်ကွင်းတွေမှာ အပြန်အလှန် အနိုင်ယူထားနိုင်ကြတာကို တွေ့ရပါတယ်။ အခုတခေါက်ပြန်တွေ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကိုတော့ ကြားကွင်းဖြစ်တဲ့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ရတယ်ဆိုပေမယ့် စပါးဟာ အခုရာသီမှာ ဝင်ဘလေကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုနေတာမို့ မန်ယူ အဝေးကွင်းမှာ သွားယှဉ်ရသလို ဖြစ်နေပြီး စပါး အိမ်ကွင်း အားသာချက်ရှိသလို ဖြစ်နေပါတယ်။ စပါးအသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ အယ်လီတို့ရဲ့ တွဲလုံးတွေနဲ့ ကွင်းလယ်လူ အဲရစ်ဆန်ရဲ့ ပံ့ပိုးမှုတွေကြောင့် မန်ယူကို ဖိအားပေး ဂိုးသွင်းနိုင်မလား စိတ်ဝင်စားဖို့ကောင်းသလို မန်ယူအသင်းကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ကွင်းလယ်လူ ပေါ့ဂ်ဘာ ခြေစွမ်းပြ ဂိုးတွေသွင်းပေးနေသလို ဂိုးဖန်တီးမှုတွေလည်း လုပ်ပေးနိုင်တာ တွေ့ရတဲ့အတွက် ပေါ့ဂ်ဘာ၊ ဆန်းချက်ဇ်၊ လူကာကူတို့ရဲ့ တွဲလုံးတွေက စပါးနောက်တန်းကို ဒုက္ခပေးနိုင်ချေ ရှိနေပါတယ်။ ဒါကြောင့်လည်း ဒီနှစ်သင်း တိုက်စစ်ဖွင့်ကစားရင်း အပြန်အလှန် သွင်းဂိုးတွေနဲ့ ပွဲကစားချိန် မိနစ် ၉၀ အတွင်း သရေကျသွားနိုင်သလို အနိုင်ဆိုရင်တော့ ကလပ်အသင်းတခုကို ကိုင်တွယ်တဲ့ ဒုတိယမြောက်ရာသီမှာ ဖလားတလုံးမဟုတ်တလုံး ရယူတတ်တဲ့ မန်ယူနည်းပြ မော်ရင်ဟိုရဲ့ စွမ်းဆောင်ရည်ကြောင့် အခု မန်ယူကိုကိုင်တွယ်တဲ့ ဒုတိယမြောက်ရာသီမှာ မျှော်လင့်စရာ တလုံးတည်းသော ဖလားဖြစ်တဲ့ အက်ဖ်အေဖလားကို ရယူနိုင်ဖို့ ဗျူဟာမြောက် ခင်းကျင်းလာမယ့် မော်ရင်ဟိုရဲ့ မန်ယူအသင်းကိုပဲ အနိုင်ရလဒ် ပေးချင်မိပါတယ်။ ဆောက်သမ်တန်ကို အနိုင်ယူပြီး ချဲလ်ဆီးနည်းပြ ကွန်တီ ဂုဏ်သိက္ခာ ဆယ်မလား အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် လာမယ့် ဧပြီ ၂၂ ရက် မြန်မာစံတော်ချိန် ည ၈း၃၀ နာရီမှာ ချဲလ်ဆီးနဲ့ ဆောက်သမ်တန်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးနည်းပြ ကွန်တီအတွက်တော့ ဒီရာသီ မျှော်လင့်နိုင်တဲ့ တလုံးတည်းသော ဖလားအတွက် အသေအချာ ပြင်ဆင်လာမှာပါ။ အလားတူပဲ ဆောက်သမ်တန်ကလည်း ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန် အန္တရာယ်ရှိနေပေမယ့် အက်ဖ်အေဖလား ဒီအဆင့်အထိ ရောက်လာပြီးတဲ့နောက် အလျှော့ပေးမှာမဟုတ်ဘဲ မီးကုန်ယမ်းကုန် ကြိုးစားလာမှာကတော့ သေချာလှပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ချဲလ်ဆီးက ၆၃ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ က စပါးနဲ့ ၅ မှတ်ကွာဟနေတဲ့အတွက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် ထိပ်ဆုံးလေးသင်းထဲပါရေး မရေမရာ ဖြစ်နေတာပါ။ အလားတူ ဆောက်သမ်တန်ကလည်း ရမှတ် ၂၉ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရပ်တည်နေပြီး အပေါ်က ဆွမ်ဆီးအသင်းနဲ့ ၄ မှတ်ကွာဟနေတဲ့အတွက် တန်းဆင်းဇုန်ကလွတ်ရေး ကြိုးပမ်းနေရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ တွေ့ဆုံခဲ့စဉ်က ချဲလ်ဆီးအသင်းကပဲ အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိ၊ အဝေးကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ နှစ်ကျော့လုံး အနိုင်ရခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့က ဆောက်သမ်တန်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ဒုတိယအကျော့ပွဲမှာ ချဲလ်ဆီးအသင်းဟာ ၂ ဂိုး ပေးထားရပြီးမှ နောက်က ၃ ဂိုးလိုက်သွင်းပြီး အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ့အတွက်လည်း ဆောက်သမ်တန်နောက်တန်း အားနည်းချက်က မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမားတွေ ဒဏ်ရာရ၊ ပွဲပယ်ပြစ်ဒဏ် ကင်းစင်နေတဲ့အတွက် အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာဖွယ်ရှိပြီး တိုက်စစ်ဆင် ကစားလာမယ့် ချဲလ်ဆီးအသင်းကို ဆောက်သမ်တန်နောက်တန်း ပွဲချိန်ပြည့် တောင့်ခံနိုင်ဖို့ မဖြစ်နိုင်ဘဲ နောက်ဆုံးဗိုလ်လုပွဲကို ချဲလ်ဆီးအသင်းပဲ တက်လှမ်းသွားနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။
3 years Ago
Up